ပုသိမ်တက္ကသိုလ်တွင်း Facility Quarantine နေသူများကို ဖျော်ဖြေ
DVB
·
April 5, 2020
ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ပုသိမ်တက္ကသိုလ်အတွင်းက နန္ဒဆောင်မှာ ပြည်ပက ပြန်လာပြီး ၁၄ ရက် Facility Quarantine ဝင်နေသူတွေကို စေတနာ့ဝန်ထမ်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ပူးပေါင်းဖျော်ဖြေပေးခဲ့ပါတယ်။
“ဒီမှာလာနေတဲ့ သူတွေ စိတ်ခံစားချက်ပျော်ရွှင်စေဖို့နဲ့ ဒီအထဲမှာနေနေရတဲ့ကာလမှာ စိတ်အပန်းပြေစေနိုင်ဖို့ တတ်နိုင်သလောက် ဖျော်ဖြေတဲ့အစီစဉ်လေးတွေ လုပ်ပေးတာပါ” လို့ ပြည်ပနိုင်ငံတွေက ပြန်လာသူတွေကို စောင့်ကြည့်တဲ့ စေတနာ့ဝန်ထမ်းအဖွဲ့က ကိုထွဋ်နောင်ဦးက ပြောပါတယ်။
Quarantine ၁၄ ရက် နေထိုင်သူတွေကို စေတနာ့ဝန်ထမ်း(ပုသိမ်)၊ မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေးအဖွဲ့ (ဧရာဝတီ)၊ မြတ်စေနာလူမှုကူညီရေးအဖွဲ့တို့ ပူးပေါင်းပြီးတော့ Eternity Entertinment တို့က လာရောက်ဖျော်ဖြေပေးခဲ့တာပါ။
“ဒီပုသိမ်တက္ကသိုလ်မှာ ထားတဲ့ ညီတွေ၊ ညီမတွေအားလုံး ရောက်နေတဲ့အချိန်မှာ စိတ်အပန်းပြေအောင် မြို့ခံပရဟိတအဖွဲ့တွေနဲ့ စေတနာဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး လာရောက်ဖျော်ဖြေဖြစ်တာပါ” လို့ လာရောက်ဖျော်ဖြေတဲ့အဖွဲ့က အဆိုတော် ကိုဝေဇင်က ပြောပါတယ်။
Quarantine မှာ ၁၄ ရက် နေထိုင်သူတွေ နေရာက ဝင်ခံစားပြီး သူတို့နေရာမှာ ငါတို့သာဆိုရင် ဒီလိုဖျော်ဖြေပေးရင် စိတ်ပျော်ရွှင်မှာပဲဆိုတဲ့ ခံစားချက်နဲ့ လာရောက်ဖျော်ဖြေပေးတာလို့ တီးဝိုင်းအဖွဲ့သားတွေက ပြောပါတယ်။
ဧရာဝတီတိုင်း ပုသိမ်တက္ကသိုလ် နန္ဒဆောင်မှာ Quarantine နေထိုင်သူ အမျိုးသား ၁၅ ဦး အမျိုးသမီး ၄ ဦး ရှိကာ အားလုံး ကျန်းမာရေးကောင်းမွန်နေတယ်လို့ စေတနာ့ဝန်ထမ်းတွေထံက သိရပါတယ်။
မင်းထက်မုန်း (ပုသိမ်)