Homeမြန်မာသတင်း
ပြည်ပမှပြန်လာပြီး ဟိုတယ်တွင် ကန့်သတ်စောင့်ကြည့်ခဲ့သည့် အမျိုးသမီး ၁ ဦး COVID-19 ကူးစက်ခံရ
ပြည်ပမှပြန်လာပြီး ဟိုတယ်တွင် ကန့်သတ်စောင့်ကြည့်ခဲ့သည့် အမျိုးသမီး ၁ ဦး COVID-19 ကူးစက်ခံရ
DVB
·
April 5, 2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်မှာ နေထိုင်တဲ့ အသက် ၂၄ နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသမီး ၁ ဦးမှာ COVID-19 ရောဂါစစ်ဆေးအတည်ပြုတွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ ဧပြီ ၄ ရက် ည ၈ နာရီက ထုတ်ပြန်ပါတယ်။
အဲဒီအမျိုးသမီးဟာ သူ့ရဲ့မိခင်နဲ့ မောင်တော်စပ်သူတို့နဲ့အတူ မတ်လ ၂၄ ရက်က အမေရိကန်နိုင်ငံမှ ကိုရီးယားသမ္မတနိုင်ငံကို လေကြောင်းလိုင်းနဲ့ထွက်ခွာခဲ့ပြီး ကိုရီးယားသမ္မတနိုင်ငံမှတဆင့် ထိုင်းနိုင်ငံသို့ မတ်လ ၂၅ ရက် ညနေပိုင်းမှာ ရောက်ရှိခဲ့ကာ ထိုင်းနိုင်ငံမှတဆင့် မတ်လ ၂၆ ရက်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။
ဒီနောက် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ ဟိုတယ်တခုမှာ အသွားအလာ ကန့်သတ်ထားချိန် ဧပြီ ၂ ရက်နေ့က စတင်ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ မောပန်းခြင်း စတဲ့ရောဂါလက္ခဏာတွေ ခံစားခဲ့ရလို့ ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးသို့ ထပ်မံပို့ဆောင်ကာ စောင့်ကြည့်လူနာအဖြစ် သီးသန့်ထားရှိပြီး ဓာတ်ခွဲနမူနာကို ပေးပို့စစ်ဆေးခဲ့ရာမှာ ရောဂါပိုးရှိကြောင်း တွေ့ရှိရတာ ဖြစ်ပါတယ်။
အဲဒီအမျိုးသမီးကို ဝေဘာဂီအထူးကုဆေးရုံကြီးဆီကို ပြောင်းရွှေ့ဖို့ စီစဉ်နေပြီး လတ်တလော ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်နေတယ်လို့ သိရပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)က ဒီကနေ့ ညနေ ၅ နာရီခွဲအထိ ဓာတ်ခွဲစစ်ဆေးမှုအဖြေအရ စောင့်ကြည့်လူနာနဲ့ ဆေးရုံ/ အိမ်/ ဟိုတယ်တွေမှာ အသွားအလာ ကန့်သတ် စောင့်ကြပ်ကြည့်ရှုထားသူ ၈၄ ယောက်ရဲ့ ဓာတ်ခွဲနမူနာတွေကို စစ်ဆေးခဲ့ရာ ၁ ယောက်မှာပဲတွေ့ရပြီး ကျန်သူတွေကတော့ မတွေ့ရှိဘူးလို့ သိရပါတယ်။ ခုရက်ပိုင်းအတွင်း စောင့်ကြည့်လူနာအသစ် (၅၈) ဦး ရှိကြောင်းလည်း သိရပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိအချိန်အထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၂၁ ဦးရှိတဲ့အနက် ၁ ဦးသေဆုံးသွားကာ ကျန် ၁၈ ဦးရဲ့ ကျန်းမာရေး အခြေအနေမှာ တည်ငြိမ်နေပြီး ဝေဘာဂီအထူးကုဆေးရုံကြီးရှိ လူနာ ၂ ဦးကတော့ အထူးကြပ်မတ်ခန်းမှာ သီးခြားထားရှိဆေးကုသမှုပေးနေတယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။