သေဆုံးသူဦးရေ မြင့်တက်လာသဖြင့် နယူးယောက်မြို့တော်ဝန် အကူအညီတောင်းခံ

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အရေအတွက် ခုန်တက်လာတာကြောင့် ဧပြီ ၃ ရက်နေ့မှာ မြို့တော်ဝန်က တခြားပြည်နယ်တွေဆီကနေ အကူအညီ တောင်းခံလိုက်ပါတယ်။ နယူးယောက်မြို့တော်ဝန် ဘီလ်ဒီဘလာဆီယိုက သူတို့ဟာ အမေရိကန်နိုင်ငံသား ထောင်ချီကို  သတ်ဖြတ်နေတဲ့ ရန်သူနဲ့ ရင်ဆိုင်နေရတယ်။ သေချိန်မတန်ဘဲ လူတွေအများကြီး သေနေရတယ်လို့   နေ့စဉ်ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။  နယူးယောက်ပြည်နယ်ဟာ ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကို အဆိုးဆုံး ခံစားနေရပြီး စုစုပေါင်း သေဆုံးသူ အရေအတွက်ဟာ နိုင်အဲလင်းဗင်း တိုက်ခိုက်မှုကြောင့် သေဆုံးရတဲ့ လူသုံးထောင် နီးပါးလောက်ကို ရှိနေပါပြီ။ ဧပြီလ ၃ ရက်နေ့ မနက်စာရင်းအရ  ၂၄ နာရီအတွင်း နယူးယောက်ပြည်နယ်မှာ  သေဆုံးသူ ၅၆၂ ‌ယောက်ရှိပြီး ရောဂါစဖြစ်ကတည်းက သေဆုံးသူ စုစုပေါင်း  ၂,၉၃၅ ယောက် ရှိနေပါတယ်။  “ကိုယ့်ပြည်နယ်ဖြစ်မှ ကိုယ်လုပ်မယ်။ ကိုယ့်မြို့ဖြစ်မှ ကိုယ်လုပ်မယ်လို့ သဘောထားလို့ မရပါဘူး။ အဲဒါဟာ အမေရိကန်စိတ်ဓာတ် မဟုတ်ပါဘူး” လို့လည်း မြို့တော်ဝန် ဘလာဆီယိုက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။  အမေရိကန် တနိုင်ငံလုံးမှာ ဒီနေ့မွန်းလွဲပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စုစုပေါင်းသေဆုံးသူ ၇,၄၀၃ ဦး ကူးစက်ခံရသူ ၂၇၇,၀၀၀ ကျော်ရှိပြီး တကမ္ဘာလုံးမှာ ကူးစက်ခံရသူ အများဆုံး ဖြစ်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up