Homeမြန်မာသတင်း
ဆေးဝါးနှင့် စားသောက်ကုန်ဆိုင်မှလွဲ၍ ဆိုင်အားလုံးပိတ်ရန် မန္တလေးတိုင်းဝန်ကြီးချုပ် အမိန့်ထုတ်
ဆေးဝါးနှင့် စားသောက်ကုန်ဆိုင်မှလွဲ၍ ဆိုင်အားလုံးပိတ်ရန် မန္တလေးတိုင်းဝန်ကြီးချုပ် အမိန့်ထုတ်
DVB
·
April 4, 2020
ဆေးဝါးနဲ့ စားသောက်ကုန်ဆိုင်တွေကလွဲလို့ တခြားဆိုင်တွေအားလုံး ပိတ်ထားဖို့နဲ့ ခရီးသည်တင်ယာဉ်တွေလည်း ဧပြီ ၆ ရက်ကစပြီး တိုင်းထဲကို မဝင် မထွက်ရတော့ဘူးလို့ မန္တလေးတိုင်း ဝန်ကြီးချုပ်က အမိန့်ထုတ်လိုက်ပါတယ်။
ကိုဗစ်-၁၉ ရောဂါဟာ လေကနေတဆင့်လည်း ကူးစက်နိုင်တယ်ဆိုတာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဒီနေ့ပဲ အတည်ပြုလိုက်တာကြောင့် ထိန်းချုပ်ဖို့ အကောင်းဆုံးနည်းဟာ အိမ်မှာ နေထိုင်တာ၊ တယောက်နဲ့တယောက် ထိတွေ့မှုမရှိအောင် လုပ်တာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် မန္တလေးတိုင်းထဲမှာရှိတဲ့ မရှိမဖြစ် လိုအပ်တဲ့ စားသောက်ကုန်ရောင်းချတဲ့ လုပ်ငန်းတွေ၊ ထုတ်လုပ်တဲ့ လုပ်ငန်းတွေ၊ ဆေးဝါးအရောင်းဆိုင်တွေနဲ့ ထုတ်လုပ်တဲ့ လုပ်ငန်းတွေ၊ ပုဂ္ဂလိက ဆေးရုံတွေ၊ စက်သုံးဆီ အရောင်းဆိုင်တွေ၊ လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်းတွေ၊ ဘဏ်တွေ စတာတွေ ဖွင့်လှစ်ဖို့နဲ့ မဖွင့်ဘူးဆိုရင် အရေးယူမယ်လို့ ဆိုပါတယ်။
အဲဒီလုပ်ငန်းတွေကလွဲလို့ ဟိုတယ်၊ တည်းခိုခန်းတွေ၊ ဆောက်လုပ်ရေးလုပ်ငန်း၊ အဝတ်အထည်ဆိုင် စတာတွေဟာ ဧပြီ ၆ ရက် သန်းခေါင်ချိန်ကစလို့ ၂၁ ရက် သန်းခေါင်ချိန်အထိ ယာယီပိတ်ထားရမယ်လို့ ဆိုပါတယ်။ မပိတ်ဘူးဆိုရင် ဥပဒေအရ အရေးယူမယ်လို့လည်း ဆိုပါတယ်။
မန္တလေးတိုင်းထဲကို ဝင်ထွက် သွားလာနေတဲ့ ကုန်တင်ယာဉ်တွေနဲ့ သာမန်အိမ်စီးကားတွေကလွဲလို့ တခြား ခရီးသည်တင်အားလုံး၊ လူ ၇ ယောက်ထက်ပိုတဲ့ အိမ်စီးယာဉ်တွေအားလုံးကိုလည်း ဧပြီ ၆ ရက်သန်းခေါင်ချိန်ကနေ ၂၁ ရက် သန်းခေါင်ချိန်အထိ ယာယီပိတ်ထားရမယ်လို့ ဆိုပါတယ်။
မန္တလေးမြို့တော်ဝန် ဦးရဲလွင်ကတော့ အခြေအနေပေါ်မူတည်ပြီး ဆုံးဖြတ်ချက်တွေ ထပ်မံချမှတ်သွားမယ်လို့ မနေ့ညကပဲ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ရေးသားထားပါတယ်။
ပြီးတော့ တယောက်ကနေ နောက်တယောက်ကို ကူးစက်တာ နည်းနိုင်သမျှနည်းအောင် အိမ်ထဲမှာပဲ နေကြဖို့ အထူးမှာကြားထားပြီး မဖြစ်မနေ အိမ်အပြင်ထွက်ဖို့ လိုအပ်ရင်တောင် Mask မတပ်ဘဲ မထွက်ကြဖို့ ပြောထားပါတယ်။
မတတ်နိုင်သူတွေအတွက် ကုန်ကျစရိတ်နည်းပြီး ပြန်အသုံးပြုလို့ရတဲ့ အိမ်တွင်းဖြစ် Mask တွေ တပ်စေချင်ပါတယ်လို့လည်း ဆိုပါတယ်။