A d v e r t i s e m e n t With Us

အဖွဲ့အစည်းပေါင်းစုံနှင့် အနုပညာရှင်များ မိတ္ထီလာဒုက္ခသည်များကို ကူညီအားပေး

အဖွဲ့အစည်းပေါင်းစုံနဲ့ ရုပ်ရှင်အနုပညာရှင်များပါတဲ့ အဖွဲ့ဝင်အင်အား ၂၀၀ လောက်ဟာ မိတ္ထီလာမြို့က ဒုက္ခသည်စခန်းတွေကို ဒီနေ့ လှည့်လည်သွားရောက်ပြီး ကူညီထောက်ပံ့ အားပေး နှစ်သိမ့်ခဲ့ကြပါတယ်။ ၈၈ မျိုးဆက်ပွင့်လင်းအဖွဲ့၊ ရုပ်ရှင်အစည်းအရုံးအဖွဲ့က ဇာတ်ပို့ဇာတ်ရန်နဲ့ ကိုလူချောတို့အဖွဲ့ အပါအ၀င် မင်းသားမင်းသမီး ၁၀၀ ကျော်၊ နာရေးကူညီမှုအဖွဲ့ရယ်၊ မဖြူဖြူသင်းအဖွဲ့တို့ ပူးပေါင်းပြီး ‘အပြစ်မဲ့နာကျင်မှုများအတွက် စာနာမှုလက်များ’ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်ပုဒ်နဲ့ သွားခဲ့ကြတယ်လို့ ၈၈ မျိုးဆက်ပွင့်လင်း လူ့အဖွဲ့အစည်းက ဦးဂျင်မီက ပြောပါတယ်။ “ကား အားလုံးပေါင်း ၁၀ စီးလောက်ရှိမယ်။ နောက် ဟိုရောက်တော့ ဆရာတော် အရှင်ဆန္ဒာဓိကလည်း ရောက်နေတော့ ဆရာတော်ကလည်း ကျနော်တို့နဲ့ပေါင်းလှူကြမယ်ဆိုတော့ အဲမှာ စုပေါင်းလှူတဲ့ပွဲလေး ၁ ခုဖြစ်သွားတယ်။ ဆရာတော် အရှင်ဆန္ဒာဓိက က သိန်း ၃၀၀ ကျော်ပါတယ်။ ရုပ်ရှင်အစည်းအရုံးက ၅၈ သိန်း။ ကျနော်တို့က အ၀တ်အထည်၊ ဆန်၊ နို့မှုန့်ဘူးတွေ၊ အခြား အဖွဲ့အစည်းတွေကလည်း ဆိုင်ရာဆိုင်ရာ အလှူဒါနတွေပါကြပြီး ဒီနေ့ စုပေါင်းလှူဖြစ်ကြတယ်။” မိတ္ထီလာမြို့ရှိ ဒုက္ခသည်စခန်း ၇ ခုကို လှည့်လည်သွားရောက်ပြီး ကူညီခဲ့ကြတာ ဖြစ်ပါတယ်။ မိတ္ထီလာခရီးကို ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌတဦးအနေနဲ့ လိုက်ပါသွားတဲ့ ဦးဇင်ဝိုင်းက “လူတွေက ဒီကွင်းပြင်ကြီးတွေမှာ ရွက်ဖျင်တဲတွေနဲ့နေကြရတယ်။ တချို့လည်း အားကစားရုံကြီးတွေမှာ သူ့အကန့်လေးတွေနဲ့သူ ဖျာခင်းပြီးနေကြတယ်။ အားလုံးမျက်နှာတွေက ညှိုးငယ်နေကြတယ်။ ကြောက်ရွံ့နေကြတယ်။ သံသယတွေလည်း ရှိနေကြတယ်။ သောကတွေလည်း မပျောက်ကြသေးဘူး။ ဘယ်လိုမှလည်း ပျောက်စရာမရှိနိုင်သေးဘူးလေ။ သူတို့ကြုံတွေ့ခဲ့ရတာတွေက ထိတ်လန့်ကြောက်စရာ အဖြစ်အပျက်တွေပဲလေ။ နောက်ကွယ်မှာ ဖန်တီးနေတာ ကြိုးကိုင်တာတွေရှိတယ်လို့လည်း ပြောဆိုကြတာလည်းရှိတယ်။ နိုင်ငံတော်အာဏာပိုင်တွေလည်း ပြောနေတယ်။ အခု ဒုက္ခသည်စခန်းရောက်တော့လည်း သူတို့ရဲ အထင်အမြင် အယူအဆတွေ ဒီလိုတွေရှိနေတာ တွေ့ရတယ်။ တော်တော် စိတ်မချမ်းမြေ့စရာကောင်းတာပေါ့။ ဒီလူတွေဟာ ကျနော်တို့ တနိုင်ငံတည်းသားတွေပဲ။ ဘာသာ အယူဝါဒကွဲပေမယ့် ကျနော်တို့သွားရာမှာလည်း သူတို့မှာ ဘယ်သူဘယ်ဝါဆိုရယ်လို့ မရှိဘူး။ တဒင်္ဂလေးတော့ ပျောက်သွားတာပေါ့။ ဒါပေမယ့် ကျနော်တို့ပြန်သွားရင်လည်း သူတို့သောက ပြန်တောက်လောင်ကြမှာပါ။ သူတို့မှာလည်း သူတို့ကို ထင်နေတာတွေ၊ သံသယတွေလည်းရှိနေတယ်။ ဒါတွေ အများကြီး ဖြေဖျောက်သွားဖို့လိုမယ်လို့ ထင်တယ်။” မတ်လ ၂၀ ရက်နေ့က မိတ္ထီလာက စခဲ့တဲ့ ပဋိပက္ခဟာ မြို့နယ် ၁၅ မြို့နယ်ကို ကူးစက်ခဲ့ပြီး အကြမ်းဖက်မှု ၁၆၃ ကြိမ်၊ သေဆုံးသူ ၄၃ ဦး၊ ဒဏ်ရာရသူ ၈၆ ဦးရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ လူဦးရေ ၁ သောင်းတထောင်ကျော် အိုးအိမ်မဲ့ဖြစ်ခဲ့ရပြီး ကယ်ဆယ်ရေးစခန်း ၆ ခုမှာ လူဦးရေ ၉၀၆၅ ဦးကို စောင့်ရှောက်ထားကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် ပြစ်မှု ကျူးလွန်သူ ၆၈ ဦးကို ဖမ်းဆီးရမိပြီး ဥပဒေနဲ့အညီ အရေးယူရန်ဆောင်ရွက်နေကြောင်းလည်း ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up