တိုင်းရင်းသားကိုယ်စားလှယ်များ ဂျပန်နိုင်ငံ ရောက်ရှိ
ဇော်ဇော်လှိုင်
·
April 1, 2013
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်စီ) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်ပြီး တိုင်းရင်းသားကိုယ်စားလှယ် ခေါင်းဆောင်၂၁ ဦး ဂျပန်နိုင်ငံကို ရောက်ရှိနေပါတယ်။
ဒုတိယ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်တဲ့ အဖွဲ့ဟာ ချီဘာခရိုင် နာရီတာလေဆိပ်ကနေ နိပွန်ဖောင်ဒေးရှင်းရဲ့ အစီအစဉ်နဲ့ ဧပြီ ၁ ရက် ဂျပန်စံတော်ချိန် ည ၈ နာရီမှာ ရောက်ရှိလာတာ ဖြစ်ပါတယ်။
ယူအန်အက်ဖ်စီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး အင်ဘန်လက ဒီခရီးစဉ်ကြောင့် တိုင်းရင်းသားတွေအတွက် အကျိုးရှိစေလိမ့်မယ်လို့ လေဆိပ်ဆိုက် ရောက်ရောက်ချင်း ဒီဗွီဘီက မေးမြန်းရာမှာ ပြောပါတယ်။
“ဖွံ့ဖြိုးရေးအတွက် အကူအညီတွေနဲ့ ပတ်သက်တာတွေ ဖြစ်မယ်လို့ ထင်တယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေအရှေ့မှာလုပ်ထားခဲ့ပြီး ဒီခရီးစဉ်ကနေ ဘာတွေသက်ရောက်မှုရှိမလဲဆိုတာကတော့ ဆက်ဆွေးနွေးရဦးမယ်။ လောလောဆယ် ဘာမှပြောလို့မရသေးဘူး။ ဒီခရီးစဉ်ကနေ တိုင်းရင်းသားလူမျိုးပေါင်းစုံအတွက် အကျိုးအမြတ်ရှိသင့်သလောက် ရှိမယ်လို့ ယူဆပါတယ်။”
ဂျပန်နိုင်ငံမှာရောက်နေချိန်အတွင်း မြန်မာနိုင်ငံက တိုင်းရင်းသားအမျိုးမျိုးကြား အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် ဂျပန်အစိုးရအပါအ၀င် အန်ဂျီအိုတွေနဲ့ ၂ ရက်ကြာ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။
မစ္စတာ ဆာဆာကာဝါဟာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် မြန်မာအစိုးရ၊ တိုင်းရင်းသား လူနည်းစုများနဲ့ အခြားနိုင်ငံများမှ အစိုးရတာဝန်ရှိသူများအကြား ဆက်သွယ်ရာမှာ ဂျပန်နိုင်ငံရဲ့ကိုယ်စားလှယ်အဖြစ် တာဝန်ပေးခံထားရတာလည်း ဖြစ်ပါတယ်။
၂၀၁၀ ခုနှစ် နိုဝင်ဘာလမှာ စတင်ဖွဲ့စည်းခဲ့တဲ့ ယူအန်အက်ဖ်စီ အဖွဲ့ဝင် ၁၁ ဖွဲ့ အပြင် အခြားတိုင်းရင်းသားအဖွဲ့အစည်းတွေပါ အခု ၄ ကြိမ်မြောက် တိုကျိုဆွေးနွေးပွဲမှာ ပါဝင်လာတာက ထူးခြားမှုတခု ဖြစ်ပါတယ်။