မိုင်းတုံဆေးရုံတွင် COVID- 19 စောင့်ကြည့်လူနာ ၁ ဦး ထပ်မံရောက်ရှိ
DVB
·
April 3, 2020
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ် ပြည်သူ့ဆေးရုံမှာ ဧပြီ ၂ ရက် မွန်းလွဲပိုင်းက COVID-19 ရောဂါ သံသယရှိသူ အမျိုးသမီးငယ်တဦးကို စောင့်ကြည့်စစ်ဆေးနေပြီး ကျန်းမာရေး စောင့်ရှောက်မှုပေးနေတယ်လို့ မြို့နယ်အုပ်ချုပ်ရေးရုံမှူးက ပြောပါတယ်။
မိုင်းတုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေအောင်က “မိန်းကလေးရဲ့ ရောဂါလက္ခဏာ အခြေအနေတွေကို မြို့နယ်ဆရာဝန်ကြီးက ပြည်နယ်ကို တင်ပြခဲ့လို့ ပြည်နယ်က သံသယလူနာအဖြစ် စောင့်ကြည့်စစ်ဆေးဖို့ သတ်မှတ်ပေးခဲ့တာလို့ သိရပါတယ်။ သူ့ရဲ့ တို့ဖတ်နမူနာကို ယူပြီး ညနေပိုင်းမှာ ကျိုင်းတုံကို အရောက်ပို့ပြီး နောက်တနေ့ လေယာဉ်နဲ့ အမျိုးသားဓာတ်ခွဲဌာနကို ပို့နိုင်ဖို့ စီစဉ်ထားပါတယ်” လို့ ပြောပါတယ်။
အဆိုပါစောင့်ကြည့်သံသယလူနာဟာ မိုင်းတုံမြို့မှာ နေထိုင်သူဖြစ်ပြီး ပြင်ပခရီးသွားလာမှု လုံးဝမရှိဘဲ ဖျားနာ၊ ချောင်းဆိုး၊ ကိုက်ခဲမှုကြောင့် ဆေးရုံကို လာရောက်ပြသခဲ့တာ ဖြစ်ပါတယ်။
သူ့ရဲ့ရောဂါဟာ COVID-19 ရောဂါနဲ့ လက္ခဏာတူညီနေတာကြောင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသက်ခိုင်မင်းက ပြည်နယ်ကျန်းမာရေးဘုတ်အဖွဲ့ထံ တင်ပြခဲ့ရာမှာ ပြည်နယ်ဘုတ်အဖွဲ့က သံသယလူနာအဖြစ် သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ မိန်းကလေးဟာ မိုင်းတုံမြို့နယ်အတွင်း COVID-19 ရောဂါနဲ့ ပတ်သက်ပြီး ဒုတိယမြောက် စောင့်ကြည့် စစ်ဆေးကုသမှုခံယူနေရတဲ့လူနာ ဖြစ်ပြီး သူ့ရဲ့မိသားစုဝင်တွေကိုလည်း နေအိမ်မှာ ၁၄ ရက်စောင့်ကြည့် သတ်မှတ်ထားကာ သူနဲ့ ထိတွေ့ခဲ့ရသူတွေရဲ့ စာရင်းကိုလည်း စိစစ် လုပ်ဆောင်နေပါတယ်။
အောင်ဇေယျ