Home
မြန်မာသတင်း
ရေးမြို့နယ်ရှိ‌ စောင့်ကြည့်စခန်းတွင်သေဆုံးခဲ့သည့် အမျိုးသမီးတွင် COVID-19 ရောဂါ မတွေ့ရှိ
DVB
·
April 3, 2020
ထိုင်းနိုင်ငံက ပြန်လာသူတွေအတွက် ဖွင့်ထားတဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရင်းရယ်ကျေးရွာ၊ အ-လ-က (ခွဲ) စောင့်ကြည့်ရေးစခန်းမှာ ရုတ်တရက်သေဆုံးခဲ့တဲ့ အမျိုးသမီးမှာ COVID-19 ရောဂါပိုး မတွေ့ရှိဘူးလို့ မွန်ပြည်နယ်ကျန်းမာရေးဦးစီးဌာနက ဧပြီ ၂ ရက်နေ့ညပိုင်းမှာ ထုတ်ပြန်ကြေညာပါတယ်။ ''ခုလို ရလဒ်ကို မြန်မြန်ထုတ်ပြန်ပေးလို့ ဖြစ်ပေါ်လာမယ့်အကျိုးဆက်တွေ ဆောင်ရန်ရှောင်ရန်တွေ ကြိုတင်ပြင်ဆင်ရမှာတွေ လုပ်လို့ရတာပေါ့၊ အဖြေသိရတော့ စိတ်အေးရပါတယ်၊ ကျန်နေတဲ့ ပြည်တော်ပြန်တွေလည်း ရှောင်မနေဘဲ စောင့်ကြည့်ရေးစခန်းတွေကို သတင်းပို့ဖို့ တိုက်တွန်းလိုသလို မလိုက်နာသူတွေကို ထိရောက်စွာ အရေးယူသင့်နေပြီ" လို့ COVID-19 ရောဂါကာကွယ်စောင့်ကြည့်ထောက်ပံ့ရေးအရပ်ဘက်ကော်မတီတာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။ ထိုင်းနိုင်ငံက ပြန်လာတဲ့ အသက် ၃၉ နှစ်အရွယ် အဲဒီအမျိုးသမီးဟာ မတ် ၂၅ ရက်နေ့က အဆိုပါစခန်းမှာ စတင်နေထိုင်ခဲ့တာဖြစ်ပြီး ဧပြီ ၁ ရက်နေ့က အိပ်ရာကနေ ကြမ်းပြင်ပေါ် ပြုတ်ကျပြီး ရုတ်တရက်သေဆုံးခဲ့တာလို့ သိရပါတယ်။  ဆေးရုံက စစ်ဆေးတွေ့ရှိချက်အနေနဲ့ အဆိုပါသေဆုံးခဲ့တဲ့ လူနာမှာ ဒူးနာ၊ အစာအိမ်ရောဂါလက္ခဏာတွေရှိတယ်လို့ ရေးမြို့နယ်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာသက်ပိုင်က ဒီဗွီဘီကို ပြောပါတယ်။ COVID-19 ရောဂါနဲ့ပတ်သက်လို့ ဖြစ်ပေါ်လာတဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီထုတ်ပြန်နိုင်ရေးအတွက် မြို့နယ်သတင်းမှန်ပြန်ကြားရေးကော်မတီတရပ် ဖွဲ့စည်းထားပြီး ကောလာဟလတွေကြောင့် ပြည်သူများအထိတ်တလန့်မဖြစ်ပေါ်စေဖို့ ဆောင်ရွက်နေတယ်လို့ ရေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရပါတယ်။ ရေးမြို့နယ်က စောင့်ကြည့်ရေးစခန်း ၃၆ ခုမှာ ထိုင်းနိုင်ငံက ပြန်လည်ဝင်ရောက်လာသူ ၈၀၀ လောက် နေထိုင်နေပြီး မလာရောက်သေးသောသူတွေကိုလည်း အရပ်ဘက်အဖွဲ့အစည်းတွေက လိုက်လံနှိုးဆော်နေတယ်လို့ သိရပါတယ်။ ဝင်းနိုင်သက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024