ကန်ကြီးထောင့်လွှတ်တော်အမတ်က လစာငွေကို COVID-19 ကာကွယ်ရေးအတွက်လှူဒါန်း
DVB
·
April 3, 2020
ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်က အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုးထွန်းဟာ COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းတွေဆောင်ရွက်ရာမှာ အသုံးပြုနိုင် ဖို့အတွက် သူရရှိတဲ့ လစာ ၁ လစာကို မတ်လ ၃၁ ရက်က မြို့နယ်ရောဂါကာကွယ် ထိန်းချုပ်ကုသရေးကော်မတီကို လှူဒါန်းခဲ့ပါတယ်။
ဆေးရုံကြီးအတွက် PPE ဝတ်စုံဝယ်ယူဖို့ ၊ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးကော်မတီ လိုအပ်နေရာများတွင်အသုံးပြုဖို့၊ ကန်ကြီးထောင့်မြို့က Facility Quarantine အတွက်နဲ့ ကန်ရွာကျေးရွာ Facility Quarantine အတွက် စတဲ့ ၄ နေရာကို ၁ သိန်းစီလှူဒါန်းခဲ့တာဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုးထွန်းက ဒီဗွီဘီ ကိုပြောပါတယ်။
"ကျနော်တို့ကို နိုင်ငံတော်က တလ ကျပ် ၅ သိန်းချီးမြှင့်ပါတယ်၊ ၁ သိန်းက ပါတီအတွက် လှူရတာမလို့ ကျန်တဲ့ ၄ သိန်းအကုန်ကို ရောဂါအသုံးပြုဖို့လှူလိုက်တာ၊ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းတွေမှာငွေကြေးလိုအပ်တာတွေရှိနေလို့ လှူတာပါ "
ကန်ကြီးထောင့်မြို့နယ်ထဲကို ပြည်ပနိုင်ငံတွေက ပြန်လာသူတွေထဲမှာ စည်းကမ်းလိုက်နာသူတွေက အနည်းစုဖြစ်ပြီး မလိုက်နာသူတွေက အများဆုံးဖြစ်နေတာကြောင့် ဒီလိုရှေ့ဆက်သွားမယ်ဆိုရင် ဒီထက် ရောဂါ ကူးစက်ခံရသူများလာပြီး အခြေအနေဆိုးလာနိုင်လို့ စည်းကမ်း လိုက်နာကြဖို့လိုတယ်လို့ သုံးသပ်ပြောဆိုထားပါတယ်။
ကန်ကြီးထောင့်မြို့နယ်အတွင်း ပြည်ပနိုင်ငံတွေက ပြန်လာသူတွေကို ၁၄ ရက်တာ အသွားအလာကန့်သတ်စောင့်ကြည့်တဲ့စခန်း Facility Quarantine ကို ကန်ကြီးထောင့်မြို့ပေါ်မှာ ၁ ခုနဲ့ ကန်ရွာ ကျေးရွာမှာ ၁ ခုဖွင့်လှစ်ထားပြီး ၃၄ ဦးကို စောင့်ကြည့်ထားတယ်လို့ ကန်ကြီးထောင့်မြို့နယ် COVID -19 ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီထံက သိရပါတယ်။
မင်းထက်မုန်း (ပုသိမ်)