Home
မြန်မာသတင်း
ပေါင်မြို့နယ်တွင် ကျပ်သိန်း ၃၀၀ ကျော်ဖြင့်လုပ်နေသည့် ကွန်ကရစ်လမ်း အက်ကွဲလာ၍ ဒေသခံများ ကန့်ကွက်
DVB
·
April 3, 2020
မွန်ပြည်နယ်အစိုးရရန်ပုံငွေနဲ့ ပေါင်မြို့နယ်မှာ ကျပ်သိန်း ၃၀၀ ကျော်နဲ့ ဆောင်ရွက်နေတဲ့ ကွန်ကရစ်လမ်းခင်းမှုမှာ လုပ်ငန်းမပြီးသေးခင် အက်ကွဲမှုတွေရှိလာတာကြောင့် ဒေသခံတွေဘက်က ကန့်ကွက်နေကြပါတယ်။   ပေါင်မြို့နယ်၊ ကဒါရပ်ကွက်၊ မြို့သစ်၁၂လမ်းရှိ သာသနာ့ဓဇမွန်ကျောင်းလမ်းခင်းရာမှာ လုပ်ငန်းမပြီးသေးခင် နေရာတော်တော်များများအက်ကွဲမှုတွေ ဖြစ်ပေါ်လာတဲ့အတွက် အခုလို ကန့်ကွက်နေကြတာလို့ ကဒါရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းထွေးက ပြောပါတယ်။ အခုလို ကွန်ကရစ်လမ်းပျက်စီးခဲ့မှုအတွက် ဒေသခံတွေရဲ့တောင်းဆိုချက်အရ ရပ်ကွက် အုပ်ချုပ်ရေးမှူးကတဆင့် သက်ဆိုင်ရာဌာနတွေကို တင်ပြတိုင်တန်းခဲ့တဲ့အတွက် ကွဲအက်ခဲ့တဲ့ နေရာတွေကို အပိုင်းလိုက်ဖြတ်ထုတ်ပြီး အသစ်ပြန်လည်ပြုလုပ်ဖို့ညွှန်ကြားထားတယ်လို့ ပေါင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထွန်းထွန်းဦးက ဒီဗွီဘီကိုပြောပါတယ်။ "အဓိကဖြစ်သွားတဲ့အကြောင်းအရင်းကတော့ အောက်ခံမြေလွှာနဲ့လည်းဆိုင်တယ်။ နောက်ပြီးရေလုံလောက်အောင် မဖျန်းတာလည်းပါတာပေါ့။ ကျနော်တို့အနေနဲ့ကလည်း ဒီလိုကိစ္စမျိုးကို လက်မခံပါဘူး။ လုပ်တဲ့ကုမ္ပဏီကလည်း တင်ဒါစနစ်နဲ့လုပ်တာဆိုတော့ ကုမ္ပဏီကိုလည်း ပြန်လည်လုပ်ဆောင်ပေးဖို့ညွှ န်ကြားထားပြီးပါပြီ။ လောလောဆယ်ကျန်တဲ့အပိုင်းတွေကိုခ ဏရပ်ထားပြီး ကွဲအက်ခဲ့တဲ့နေရာတွေကို အပိုင်းလိုက်အကုန်ပြန်ဖျက်ပြီး အသစ်ပြန်လုပ်ခိုင်းပါမယ်။ ဒေသခံတွေအနေနဲ့လည်း စိတ်ပူပန်မှုမရှိကြပါနဲ့လို့ ပြောချင်ပါတယ်" လို့ အရင်ကကိုယ်ထူကိုယ်ထစနစ်နဲ့ လမ်းခင်းမှုတွေမှာ အခုလိုဖြစ်ပွားခဲ့တာမရှိဘဲ အခုလို လုပ်ငန်းမပြီးပြတ်သေးဘဲ ပျက်စီးမှုတွေရှိခဲ့တာကြောင့် ဒေသခံတွေကဘက်က ကျေနပ်မှုမရှိဘူးလို့ ဦးသန်းထွေးက ဆိုပါတယ်။ မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးရဲ့ ၂၀၁၉-၂၀ဘဏ္ဍာနှစ်အတွက် ခွင့်ပြုရန်ပုံငွေကျပ် ၃၀၇ သိန်းနဲ့ ကွန်ကရစ်လမ်း အရှည် ၁၂၈၀ ပေ၊ အကျယ် ၁၆ ပေ၊ အမြင့် ၆ လက်မထုရှိတဲ့လမ်းကို Royal Elephant Power ကုမ္ပဏီက တာဝန်ယူဆောက်လုပ်နေတာဖြစ်ပြီး ကုမ္ပဏီဘက်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမဲ့ မရပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024