COVID-19 သံသယလူနာများအတွက် ကျောက်ဖြူခရိုင်တွင် သီးသန့်အဆောင်များ စတင်ထားရှိ
DVB
·
April 3, 2020
ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင်အတွင်းရှိ ကိုရိုနာဗိုင်းရပ်စ် COVID-19 သံသယလူနာတွေကို ဧပြီ ၂ ရက်နေ့က စတင်ပြီး ကျောက်ဖြူမြို့နယ်အပါအဝင် မြို့နယ် ၄ ခုတို့မှာ သီးသန့်အဆောင်နဲ့ ထားရှိစောင့်ကြည့်ကာ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ဆောင်ပေးသွားမယ်လို့ ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန်းထွဋ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
“ကျောက်ဖြူဆိုရင် ၇၅ ဦး ထားလို့ရပြီ၊ ကျန်တဲ့မြို့နယ်တွေမှာလည်း အယောက် ၅၀ စီ အားလုံး ပြင်ဆင်နေပြီ၊ ဒီအဖွဲ့တွေ ထားတဲ့အချိန်မှာလည်း သူတို့အတွက် အိပ်ရာခင်း၊ မနက်စာ (breakfast)၊ နေ့လယ်စာ၊ ညနေစာ၊ တကိုယ်ရေ သောက်သုံးရေ၊ ဆပ်ပြာတို့ သွားတိုက်ဆေးတို့ အစိုးရက အားလုံးပံ့ပိုးပြီးတော့ မနက်ဖြန်ဆိုရင် စတင်ပြီး COVID Facility Quarantine အတွက် ကာကွယ်ရေးအတွက် စပြီးထားဖို့အတွက် ဆောင်ရွက်ပြီးဖြစ်ပါတယ်” လို့ ပြောပါတယ်။
အမ်းမြို့နယ်အတွင်း စစ်ဘေးရှောင်တွေ နေထိုင်တဲ့နေရာတွေမှာ နိုင်ငံခြားကနေ ပြန်လည်ဝင်ရောက်လာတဲ့သူတွေ ရှိနိုင်တာကြောင့် COVID-19 ရောဂါကူးစက်ပြန့်ပွားမှုမရှိအောင် စောင့်ကြည့်ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနိုင်အောင် လုပ်ဆောင်ထားတယ်လို့ ကျောက်ဖြူခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းထွဋ်ဦးက ဆိုပါတယ်။
ကျောက်ဖြူမြို့ ပညာကောလိပ်ခြံဝင်းအတွင်းရှိ စောပြည့်ညိုအဆောင်မှာ ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးက COVID-19 ကူးစက်ရောဂါနဲ့ပတ်သက်ပြီး Facility Quarantine လုပ်ဆောင်ရန် လိုအပ်နေသူတွေကို ဧပြီ ၂ ရက်ကစတင်ပြီး ထားရှိစောင့်ရှောက်ကုသပေးမယ်လို့ သိရပါတယ်။
နောင်နောင်