COVID-19 ရောဂါကာကွယ်ရေး ဧရာဝတီတိုင်းဝန်ကြီးချုပ် ၁၀ သိန်း လှူဒါန်း
DVB
·
April 3, 2020
ဧရာဝတီတိုင်းအတွင်း COVID-19 ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် ဧရာဝတီတိုင်းအစိုးရအဖွဲ့က ဝန်ကြီးချုပ် အပါအဝင် ဝန်ကြီးတွေနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေက အလှူငွေတွေ ပါဝင်လှူဒါန်းခဲ့ကြပါတယ်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမမှာ ဧပြီ ၂ ရက်နေ့က ကျင်းပပြုလုပ်တဲ့ အစည်းအဝေးမှာ ဝန်ကြီးချုပ် ဦးလှမိုးအောင်နဲ့ ဝန်ကြီးတွေ၊ ဌာနဆိုင်ရာ အကြီးအကဲတွေရဲ့ စုစုပေါင်း လှူဒါန်းငွေ ၆၄ သိန်း ရရှိခဲ့ပါတယ်။
COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းသုံးပစ္စည်းတွေ ဝယ်ယူနိုင်ဖို့အတွက် ဝန်ကြီးချုပ် ဦးလှမိုးအောင်က ၁၀ သိန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်က ၁ သိန်း၊ အပါအဝင် တိုင်းအဆင့်ဌာနဆိုင်ရာအကြီးကဲတွေရဲ့ ပါဝင် လှူ ဒါန်းငွေ ၆၄ သိန်း ရရှိခဲ့တယ်လို့ သိရပါတယ်။
လှူဒါန်းတဲ့ငွေတွေကို ဝန်ကြီးချုပ် နဲ့ ဘဏ္ဍာရေးဝန်ကြီးတို့က လက်ခံရယူခဲ့ပြီး လှူဒါန်းသူ တွေကို ဂုဏ်ပြုမှတ်တမ်းလွှာတွေပြန်လည်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများမှာ အသုံးပြုဖို့အတွက် ဧရာဝတီတိုင်း အတွင်းရှိ မြို့နယ် ၂၆ မြို့နယ်ကို တိုင်းအစိုးရအဖွဲ့က ငွေကျပ်သိန်း ၃၀၀၀ ကျော်ထောက်ပံ့ ပေးသွားမယ်လို့ တိုင်းအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူက ဒီဗွီဘီကိုပြောပါတယ်။
ဧရာဝတီတိုင်းမှာ COVID-19 ရောဂါပိုးတွေ့ရှိသူမရှိသေးပေမယ့် ပြည်ပနိုင်ငံတွေက ပြန်လာ သူတွေကို ၁၄ ရက်စောင့်ကြည့်တဲ့ Facility Quarantine Center ၃၁၇ နေရာဖွင့်လှစ်ထားပြီး လူဦးရေ ၂၂၃၅ ဦးကို စောင့်ကြည့်တာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
မင်းထက်မုန်း (ပုသိမ်)