သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ရရှိရေး သပိတ်စခန်းဖွင့်လှစ်ခဲ့သူ ၈ ဦး ပြန်လွတ်မြောက်
Aung Aung Naing
·
April 2, 2020
တောင်သူတွေရဲ့ သိမ်းဆည်းခံလယ်ယာမြေတွေ ပြန်လည်ရရှိရေးအတွက် ဆန္ဒဖော်ထုတ် သပိတ်စခန်းဖွင့်လှစ်ခဲ့သူ ၈ ဦး ဒီကန့ ဧပြီ ၂ ရက်က မန္တလေးဗဟိုအကျဉ်းထောင်ကနေ ပြန်လွတ်လာပါတယ်။
“ကျနော်တို့ကို မတ်လပိုင်း ၃ ရက်နေ့က အမိန့်ချပြီး မန္တလေးအိုးဘိုထောင်ကို ပို့ခဲ့ပါတယ်။ ထောင်ထဲရောက်ရောက်ချင်းပဲ စိတ်မကောင်းစရာက လူတွေကို လူသားတွေလို မဆက်ဆံပဲ တိရိစ္ဆာန်လိုဆက်ဆံတာ ကျနော်တို့တွေ့ခဲ့ရတယ်။ ပြီးခဲ့တဲ့နှစ်က ထောင်ဆူပူမူတွေမှာ ပါဝင်ခဲ့တဲ့ အကျဉ်းသားတွေကို ထောင်ပြောင်းလုပ်ပြီး မန္တလေးထောင်ကို ရောက်လာတဲ့အခါမှာ တကယ့်လူမဆန်ပဲ အကျဉ်းသားအချင်းချင်းရိုက်နှိက်စေခဲ့တဲ့ ထောင်အာဏာပိုင်တွေရဲ့ လုပ်ရပ်ဟာ ဒီနေ့ဒီမိုကရေစီအစိုးရခေတ် လက်ထက်မှာ တော်တော့ကို အရုပ်ဆိုး အကျီးတန်တဲ့ လုပ်ရပ်တခုဖြစ်တယ်”လို့ ၈၈ မျိုးဆက်ကျောင်းသား ဦးစိုးဌေးက ပြောပါတယ်။
၂၀၁၇ ခုနှစ်ဇူလိုင် ၆ရက် နေ့မှစပြီး အောင်မြေသာစံမြို့နယ် မဟာဇေယျာဘုံရပ်ကွက်မှာ တောင်သူတွေ သိမ်းဆည်းခံလယ်ယာမြေတွေ ပြန်လည်ရရှိရေးအတွက် ဆန္ဒဖော်ပြပွဲပြုလုပ် သပိတ်စခန်းဖွင့်လှစ်ရာမှာ ဦးစိုးဌေး အပါဝင် ၁၁ ဦးဟာ ဦးဆောင်ခဲ့သူတွေ ဖြစ်ပါတယ်။
သပိတ်စခန်းကို ဇူလိုင် ၂၇ရက်က ဖြိုခွင်းခံရပြီး ဦးမောင်စိုး(ပုသိမ်ကြီး)၊ ဒေါက်တာ ခင်မောင် ဌေး(ပြင်ဦးလွင်)၊ ဦးမင်းသူ(ပြင်ဦးလွင်)၊ ဦးစိုးဝင်း (ပြင်ဦးလွင်)၊ ဦးရဲရင့်အောင်(မတ္ထရာ၊) ဦးစိုးလွင် (စဉ့်ကိုင်)၊ ဦးစိုးမင်း(မတ္ထရာ)၊ ဦးတင်အုန်းကျော် (ခင်ဦး )၊ ဦးစိုးဌေး-၈၈ (မိုးကုတ်) ၊ ဦးအောင်သူ (မြောက်ဥက္ကာပ/ရန်ကုန်)နဲ့ ဦးသန်းလွင်(အတ္ထရာ)တို့ ၁၁ ဦးကို အောင်မြေသာစံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး ဒုရဲမှူးခင်မောင်လွင်က တရားလိုပြုလုပ်တိုင်တန်းကာ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉/၂၀နဲ့ အမှုဖွင့်ခဲ့ပြီး အောင်မြေသာစံမြို့နယ် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ပါတယ်။
တရားစွဲဆိုခံရသူတွေကို လက်ခံစစ်ဆေးခဲ့ပြီး အဆိုပါအမှုနဲ့ ပတ်သက်လို့ တရားခံ ၉ ဦးကို ထောင်ဒဏ် ၁ လစီအသီးသီးအမိန့်ချမှတ်ခဲ့ပါတယ်။ ကျန်ရှိနေတဲ့ တရားခံနှစ်ဦးဖြစ်တဲ့ သန်းလွင်(မတ္ထရာ)နဲ့ အောင်သူ (မြောက်ဥက္ကလာပ/ ရန်ကုန်)တို့တော့ ငြိမ်းစုစီ ပုဒ်မ ၂၀ အရ တရားခံပြေးကြေညာထားပါတယ်။