Home
မြန်မာသတင်း
အသွားလာကန့်သတ် Quarantine လုပ်ခံထားရသူများအတွက် ကုလအေဂျင်စီများကူညီမည်
DVB
·
April 2, 2020
ရန်ကုန်တိုင်းအတွင်းရှိ  အသွားအလာကန့်သတ်စောင့်ကြပ်နေရာတွေမှာ quarantine လုပ်ခံထားရတဲ့ ခေတ္တနေထိုင်နေသူတွေအတွက်  ကုသလမဂ္ဂ လက်အောက်ခံ အေဂျင်စီတွေက ပံ့ပိုးကူညီပေးသွားမယ်လို့ ရန်ကုန်ရှိ ယူအန်မြန်မာရုံးက ဒီကနေ့ ထုတ်ပြန်ပါတယ်။ ရွှေ့ပြောင်းနေထိုင်သူများအတွက် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း (IOM)၊ ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA)၊ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR)၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)တို့က စုပေါင်းကူညီမှာ ဖြစ်ပါတယ်။ အသွားအလာကန့်သတ်ထားတဲ့နေရာတွေမှဦ အရေးတကြီးလိုအပ်နေတဲ့ တကိုယ်ရည် အသုံးအဆောင်ပစ္စည်းတွေ၊ အိပ်ယာခင်း၊ မွေ့ရာ၊ စောင်၊ မီးဖိုချောင်သုံးပစ္စည်းတွေ၊ ခြင်ထောင်တွေ စတဲ့ အခြေခံအသုံးအဆောင် ၅,၀၀၀ ကျော်ကို ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ပံ့ပိုးပေးမယ်လို့ သိရပါတယ်။ ဒါ့အပြင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကလည်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အသွားအလာကန့်သတ်ထားတဲ့ နေရာတွေမှာ ခေတ္တနေထိုင်နေသူတွေအတွက် ထပ်မံပံ့ပိုးပေး သွားမှာဖြစ်သလို  COVID-19 ကပ်ရောဂါကို တားဆီးကာကွယ်တုန့်ပြန်နေတဲ့ မြန်မာအစိုးရဲ့ ကြိုးပမ်းမှုတွေကို ကုလသမဂ္ဂအနေနဲ့ အင်တိုက်အားတိုက်ပံ့ပိုးကူညီသွားမယ်လို့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်  Ola Almgren က “ အခုအချိန်ဟာ မြန်မာပြည်သူပြည်သားတွေအတွက်သာမက ကမ္ဘာ့အနှံ့က လူသန်းထောင်ပေါင်းများစွာအတွက် အခက်အခဲဆုံးအချိန်ဖြစ်တယ်”လို့ ပြောပါတယ်။ ကုလသမဂ္ဂ အဖွဲ့အစည်းတွေအနေနဲ့ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနကို  COVID-19 test kits စစ်ဆေးရေးကိရိယာအခု ၅၀,၀၀၀ ပေးပို့ကူညီမယ်လို့လည်း အစောပိုင်းက ကြေညာထားပါတယ်။ COVID-19 ရောဂါ ကာကွယ်ဖို့အတွက် ရောဂါကူးစက်နိုင်ချေရှိသူတွေနဲ့ ပြည်ပကပြန်လာသူတွေကို ရန်ကုန်တိုင်းအတွင်းရှိ သာသနိက အဆောက်အအုံတွေ၊ အစိုးရပိုင်အဆောက်အုံတွေနဲ့  ဟိုတယ်တချို့မှာ ၁၄ ရက်စခန်းတွေဖွင့်လှစ်ပြီး အသွားအလာကန့်သတ်စောင့်ကြပ်နေတာဖြစ်ပြီး သူတို့အတွက် လိုအပ်တာတွေကို မြန်မာပြည်သူတွေ အချင်းချင်း ကူညီပေးနေတာဖြစ်ပါတယ်။   
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024