ပြင်ပလူနာများ COVID-19 နှင့် ပတ်သက်ပြီး ဆေးရုံကို ကြိုတင်အသိပေးကြရန် မေတ္တာရပ်ခံ
DVB
·
April 2, 2020
မြန်မာပြည်တွင်း ဆေးရုံတွေရှိ ပြင်ပလူနာဌာနကို သွားရောက်ပြသမယ့် လူနာတွေအနေနဲ့ မိမိအိမ်နီးချင်းတွေမှာ COVID-19 ရောဂါကူးစက်ခံရတာ ဒါမှမဟုတ် ရောဂါပိုးတွေ့လူနာနဲ့ အနီးကပ်တွေ့ဆုံခဲ့တာတွေရှိရင် ပြင်ပလူနာဌာန တာဝန်ခံဆရာဝန်နဲ့ ဝန်ထမ်းတွေကို ကြိုတင်အကြောင်းကြားပေးဖို့ မေတ္တာရပ်ခံထားပါတယ်။
ဆေးရုံကို သွားရောက်ပြသရမယ့် သူတွေအနေနဲ့ လတ်တလောမှာ နိုင်ငံခြားကနေ ပြန်လာသူတွေနဲ့ ပြန်လာသူတွေနဲ့ ထိတွေ့မှုရှိသူတွေ ဖျားခြင်း၊ ချောင်းဆိုးခြင်း အသက်ရှူကြပ်ခြင်းစတဲ့ ရောဂါ လက္ခဏာရှိသူတွေ ရှိတယ်ဆိုရင် ပြင်ပလူနာဌာန တာဝန်ခံဆရာဝန်နဲ့ ဝန်ထမ်းတွေကို ကြိုတင်အကြောင်းကြားပေးဖို့လည်း ဆေးရုံတွေမှာရှိတဲ့ ပြင်ပလူနာဌာနတချို့မှာ မေတ္တာရပ်ခံထား ပါတယ်။
မနေ့ညက ၁၆ ယောက်မြောက် COVID-19 လူနာတက်ရောက်ခဲ့တဲ့ မြောက်ဥက္ကလာပမြို့နယ်၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးနဲ့ လူနာနေထိုင်ခဲ့တဲ့ မြောက်ဥက္ကလာပမြို့နယ်၊ ဂ ရပ်ကွက်၊ နီလာ ၁ လမ်း က နေအိမ်အဆောင်နဲ့ နီလာလမ်းမကို ပိုးတ်ဆေးဖျန်း လုပ်ဆောင်ထားပါတယ်။
ပြင်ပက လာပြတဲ့လူနာတွေဟာ COVID-19 လူနာနဲ့ ပတ်သက်ထိတွေ့မှုရှိမရှိ နောက်ကြောင်းရာဇဝင် မသိရတဲ့အတွက် ဆေးရုံတာဝန်ခံဆရာဝန်တွေ၊ ဆရာမတွေနဲ့ ဝန်ထမ်းတွေကို ရောဂါကူးစက်နိုင်တဲ့ အန္တရာယ်ရှိနေတာဖြစ်ပါတယ်။