ကိုဗစ် ၁၉ နဲ့ သေနိုင်ပါရိုးလား လေဘာတီရယ်
DVB
·
April 2, 2020
“သေနိုင်ပါရိုးလား လေဘာတီရယ်.. ပေတရာဆီလျှောက်ပါလို့ ..မြင်သလောက်ပြလိုက်ချင်ပါသည်…” မာမာအေးသီဆိုထားတဲ့ ‘တုံးကျော်မ’ သီချင်းကိုပဲ ခပ်တိုးတိုးလေး ညည်းနေမိတယ်။ ကိုယ်တတ်နိုင်တာက ဒါပဲရှိတာကိုး။ ကိုယ်တွေက ဆရာဝန်လည်းမဟုတ်။ ငယ်ငယ်ကတည်းက ကျန်မားရေး အသိပညာအားနည်းသူ။ ဒီတော့လည်း ‘မာပါစေ။သာပါစေ’ ဆိုတာလွဲပြီး ဘာမှမတတ်နိုင်။
ကိုဗစ်အကြောင်း အများနည်းတူ သိထားဖို့တော့လိုမယ်လို့ထင်ပါတယ်။ ရသမျှ သတင်းအချက်အလက်တို့ကိုသာ ရှာဖွေဖတ်ရှုနေမိတယ်။ ဒီအသိလောက်နဲ့တော့ ဝင်ရောက်ပြောဆိုပြီး ဆရာကြီး မလုပ်သင့်မှန်းသိရဲ့။ “တဝက် တပျက်အသိဟာ အန္တရာယ်ပိုများ လေတော့ ကိုဗစ်အကြောင်းကို တကိုယ်ရည်ကျင့်သုံးဖို့အတွက်ပဲ လေ့လာဖြစ်ပါတယ်။ အထူးသဖြင့်တော့ ကျန်းမာရေးနဲ့အားကစာဝန်ကြီးဌာနရဲ့ ပညာပေးညွှန်ပြမှုကိုပဲ လိုက်နာကျင့်သုံးတယ်။
“ရုပ်ရှိရင် ရောဂါရှိတယ်” ဆိုပေမယ့် လူတိုင်းကတော့ ကပ်ရောဂါမပြောနဲ့ ခေါင်းမူးခေါင်းကိုက်တာတောင် မဖြစ်ချင်ကြပါဘူး။ ပြည်ပကပြန်ဝင်လာသူပဲဖြစ်ဖြစ် ရွေ့ပြောင်းလုပ်သားပဲဖြစ်ဖြစ်၊ ပညာသင်ပြန်ပဲဖြစ်ဖြစ် အားလုံးကတော့ ကိုယ့်နိုင်ငံသားတွေ ပြည်သူပြည်သားတွေပါပဲ။ ပြည်ပကပြန်လာပြီဆိုကတည်းက မိသားစုတွေ မိတ်ဆွေတွေ၊ ချစ်သူခင်သူတွေနဲ့ တွေ့လိုမြင်လိုစကားတွေ တဝကြီးပြောချင်ကြသူတွေချည်းပါပဲ။ ခွဲခွါခဲ့တဲ့အချိန်တွေ ကြာလေတွေ့မြင်လိုစိတ်ကြီးလေပါပဲ။ ဒီတော့လည်း မဆင်မခြင် ပြုလုပ်မိတာတွေလည်း ရှိခဲ့မှာပါ။
ဒါတွေကိုတော့ နှစ်ဘက်နားလည်မှုနဲ့ အကျိုးကြောင်းသင့်ကြရမှာပါ။ ပြည်တော်ပြန်များကလည်း ချမှတ်ထားတဲ့ စည်းကမ်းကို လိုက်နာဖို့လိုပါတယ်။ ကိုယ်တဦးတည်းမဟုတ်ဘဲ အများကို ကိုယ့်အတွက်ကြောင့် မကူးစက်ရလေအောင် စိတ်မဆင်းရဲစေအောင် စောင့်ရှောက်သင့်တယ်။ ကျန်တဘက်ကလည်း ဘာအတွက်ပဲ နိုင်ငံခြားကို သွားကြသွားကြ သူတွေဟာ ကိုယ့်ဒေသဇာတိသားတွေမို့ သူတို့ကိုစောင့်ရှောက်ကြဖို့ လိုတယ်ဆိုတဲ့အသိနဲ့ ရိုးပင်းကြရမှာပါ။ ဝိုင်းမပယ်သင့်ဘူး။ မဖယ်ကြဉ်သင့်ပါဘူး။ သူ့ဒေသသူ့ဇာတိကို သူလည်းပြန်ပိုင်ခွင့်ရှိပါတယ်။ ဒါပေမယ့် နေရပ်ပြန်လာသူများကလည်း အမျိုးကို စောင့်ရှောက်လိုစိတ်နဲ့ စောင့်ကြည့်စစ်ဆေးခြင်းကို ခံယူသင့်တယ်။
တပြိုင်တည်း ကြားသိနေရတာကတော့ စစ်ဆေးစောင့်ကြည့်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် PPE လို့ ခေါ်တဲ့ ပိုးမွှားကာကွယ်ရေးဝတ်စုံတွေ၊ နှာခေါင်းစည်းတွေ အချိန်မီမရောက်ရှိခြင်းနဲ့ မပြည့်စုံခြင်းပါပဲ။ ဒီအပိုင်းကတော့ တာဝန်ရှိသူတွေရဲ့ စီမံခန့်ခွဲမှုနဲ့ဆိုင်တယ်။ ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေလည်း အသက်နဲ့ပဲလေ။ သူလည်းသေမှာ ကြောက်ပေမပေါ့။ ဗိုင်းရပ်စပ်ကာကွယ်ရေးဝတ်စုံတွေဟာ ကျန်းမာရေး တာဝန်ထမ်းဆောင်သူတွေအတွက် အဓိကကျနေပါတယ်။ အစိုးရက ပြည့်စုံအောင် မထောက်ပံ့နိုင်ရင်တော့ သူ့အသက်အတွက်ပေးနိုင်တဲ့သူထံ အလှူခံလို့ရရင် အလှူခံကြမှာပဲ။ ဒါအတွက်တော့ သူ့တို့ ပြစ်မှုကျူးလွန်သူတွေလို့တော့ စွပ်စွဲခွင့်မရှိပေဘူး။ အချိန်မီ မထောက်ပံ့နိုင်တဲ့ တာဝန်ရှိသူတွေမှာပဲ တာဝန်ရှိပါတယ်။
အရေးပေါ်အခြေအနေမှာ ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေအတွက် PPE ဝတ်စုံနဲ့နှာခေါင်းစည်းတွေကို အချိန်မီထုတ်ပေးရေးမှာ ကျန်းမာရေးဌာနတာဝန်ရှိသူတွေဟာ ရုံးပိတ်ရက်မို့ မပေးနိုင်ဘူးဆိုတဲ့ အကြောင်းပြချက်ဟာ ခိုင်လုံတဲ့အကြောင်းပြချက်တခုတော့ မဟုတ်ပေဘူး။ ဒီလိုအရေးကြီးအချိန်မှာ မြန်မာနိုင်ငံကြက်ခြေနီအသင်းရဲ့လုပ်ဆောင်မှုတွေကတော့ လူထုမျက်မှောက်မှာ ပျောက်ကွယ်နေတာကလည်း စိတ်ထဲမှာ မချင့်မရဲဖြစ်မိပါတယ်။ အနည်းဆုံး မိမိတို့မြို့နယ်အတွင်းနဲ့ ရပ်ကွက်အတွင်းတို့မှာ လုပ်အားပေးတာလောက်တော့ မြင်တွေ့ရသင့်တယ်။
တကယ်တော့ ကိုဗစ် ၁၉ ကပ်ရောဂါဟာ တဦးချင်းကနေ တပြည်လုံးအထိ ကိုယ်ပိုင်အသိနဲ့ စုပေါင်းကာကွယ် လုပ်ဆောင်ကြရမှာ။ အနည်းဆုံးတော့ ကျန်းမာရေးဦးစီးဌာနရဲ့ တရားဝင်ထုတ်ပြန်ချက်တွေအတိုင်း လိုက်နာကျင့်သုံးနေထိုင်သွားခြင်းဟာလည်း တဦးချင်း ပူးပေါင်းလုပ်ဆောင်ခြင်းမည်ပါတယ်။
ဒီမှာပြောချင်သေးတယ်။ တရုတ်ပြည်ဟာ ၂ လ ကျော်အတွင်းမှာ ဒီဗိုင်းရပ်ကို ဘာလို့အောင်မြင်လဲဆိုတာ စိတ်ဝင်စားစရာပါ။ ‘လူညီလို့၊ နာခံမှုရှိလို့၊ အစီအမံကောင်းလို့’ လို့ ဆိုရမှာပါ။ နာခံမှုနဲ့လူညီတာကတော့ ပြည်သူနဲ့ဆိုင်ပြီး အစီမံကောင်းမှုကတော့ အစိုးရနဲ့ဆိုင်တယ်။ ဒါအပြင်၊ ‘လူ၊ငွေ၊နည်းပညာ’ တို့ကလည်း ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ရာမှာ အဓိကကျနေတယ်။ ဒီအချက်သုံးချက်ကတော့ ခေတ်အဆက်ဆက်အုပ်ချုပ်ခဲ့သူတွေနဲ့လည်း သက်ဆိုင် နေတယ်လို့ ဆိုရမှာပါ။
အဆက်ဆက်အုပ်ချုပ်သူတွေရဲ့ စီးပွားရေးအားသာမှုကလည်း တရုတ်ပြည်ကို ကယ်တင်လိုက်တာပါ။ အစီမံပိုင်းနဲ့ပတ်သက်ရင် တရုတ်ဟာ ဗိုင်းရပ်စ်စတင်ပြီဆိုတာနဲ့ WHO ကို အကြောင်းကြားခဲ့ပြီး လူသိန်းချီပါတဲ့ တယ်လီကွန်ဖရင့်ကို ၂ ကြိမ်ကျင်းပပြီး အကြံဉာဏ်တွေ ရယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီအကြံပြုချက်တွေထဲက ကောင်းနိုးရာရာကို ကျင့်သုံးခဲ့တယ်။ ဝူဟန်တမြို့လုံးပတ်တယ်။ ဖျားနာသူတွေအဆင့်ခွဲပြီး ချက်ချင်းဆေးရုံတင်တယ်။ ဆေးရုံ ၈၆ ရုံ ကို ဒီအတွက်သုံးတယ်။ မလောက်တော့ အားကစားရုံနဲ့ပြတိုက်တွေ ၁၆ ရုံကို ထပ်အသုံးပြုတယ်။ အပြင်းဖျားလူနာအတွက် ကုတင် ၁၀၀၀ ဆန့်ဆေးရုံ နှစ်ရုံအမြန်ဆောက်တယ်။ ဆရာဝန်ပေါင်း ၄၂၀၀၀ ကျော်အသုံးပြုပြီး တိုက်ခဲ့တာ။ လူအားငွေအား နည်းပညာအားကလည်း ကောင်းပေတာကိုး။ ဒီလိုနဲ့ ကိုရိုနာဗိုင်းရပ်စ်ကို အနိုင်ယူခဲ့တာကလား။
မြန်မာကတော့ လူအား (ဆရာဝန်အား) ကလည်း လုံလောက်ဟန်မရှိပါဘူး။ ငွေအားဆိုတာလည်း မပြည့်စုံ နည်းပညာကြတော့လည်း စံမမီခဲ့ပါဘူး။ တရုတ်ပြည်က ဝူဟန်နဲ့မတူတာက သူတို့က မူရင်းဖြစ်ပွားရာဒေသ။ မြန်မာက ကူးစက်ခံရသူအများစုက နိုင်ငံခြားကိုသွားခဲ့တဲ့ ခရီးသွားရာဇဝင်ရှိသူတွေဆိုတော့ သူတို့ကိုအသေအချာထိန်းချုပ်နိုင်ရင် ကူးစက်မှုအခြေအနေလျော့ပါးနိုင်တယ်။
ဗိုင်းရပ်စ်ဖြစ်တဲ့အတွက်လည်း ဘက်တီးရီးယားလိုတော့ပြဿနာမရှိဘူး။ ဒီဗိုင်းရပ်စ်က ခိုအောင်းစရာ သက်ရှိဆဲလ်မရှိရင် မရှင်သန်နိုင်ဘူး။ သက်ရှိဆဲလ်ရှိမှ မျိုးဆက်ပွားကူးစက်နိုင်တာ။ ကူးစက်ခံရသူရဲ့ ကိုယ်ခံ အားစနစ်အပေါ် မူတည်ပြီး ပိုးဟာသေသွားနိုင်သလို အကူးစက်ခံရသူသေရင်လည်း ဗိုင်းရပ်စ်လည်းသေသွာတာပဲလို့ လေ့လာဖတ်ရှုရဘူးတယ်။
ဒီနေ့ဒီအချိန်လို အရေးကြီးတဲ့ ကပ်ဆိုးကြီးထဲမှာ ပြည်သူတဦးချင်းအတွက်ကနေ တတိုင်းပြည်လုံးအတွက် အချိန်နဲ့အမျှ ရှင်သန်ရေးအတွက်ရုန်းကန်နေရချိန်ပါ။ ဒီလိုအချိန်မှာ နိုင်ငံရေး အမြင်မတူမှုတွေကြောင့် ပူးပေါင်းပါ ဝင်ခြင်းမပြုနိုင်ဘူးဆိုတဲ့ အဖျက်စိတ်တွေဘေးဖယ်ပြီး ကပ်ဆိုးကြီးကို အတူတွန်းလှန်ကြရမှာပါ။
မြန်မာနိုင်ငံမှာ ဧပြီ ၁ ရက်အထိ COVID-19 ရောဂါတွေ့ရှိသူ ၁၆ ဦးမှာ မူလကင်ဆာရောဂါခံစားနေရသူ ၁ ဦးသာ သေဆုံးမှုရှိပါသေးတယ်။ ဒါကြောင့် ပြည်သူအများ အတူတကွပူးပေါင်းတွန်းလှန်ကြရင်း“ သေနိုင်ပါရိုးလား လေဘာတီရယ်” လို့ အားပေးကြရင်း ဝေဒနာရှင်အားလုံး “တုံးကျော်မလေဘာတီ”တွေဖြစ်ကြပါစေ…။
ထွန်းဇော်ဌေး