Homeမြန်မာသတင်း
မြန်မာနိုင်ငံ၏ ပထမဆုံး COVID-19 လူနာနှင့် ထိတွေ့ခဲ့သူများ Quarantine ရက်ပြည့်သွားပြီး ကျန်းမာရေးကောင်း
မြန်မာနိုင်ငံ၏ ပထမဆုံး COVID-19 လူနာနှင့် ထိတွေ့ခဲ့သူများ Quarantine ရက်ပြည့်သွားပြီး ကျန်းမာရေးကောင်း
ပိုင်စိုး
·
April 2, 2020
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်က ကိုဗစ်-၁၉ လူနာအမှတ် ၁ နဲ့ ထိတွေခဲ့သူတွေကို Home Quarantine လုပ်ထားတာ ဒီနေ့မှာ ၁၄ ရက်ပြည့်ပြီး ကျန်းမာရေးကောင်းတယ်လို့ ပြည်နယ်အဆင့် ရောဂါကာကွယ်၊ ထိန်းချုပ်ရေး အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
လူနာအမှတ် ၁ နဲ့ထိတွေ့ခဲ့သူ ၄၄ ယောက်ရှိပြီး အဲဒီအထဲက ၃၄ ယောက်ကတော့ အသွားအလာကန့်သတ်စောင့်ကြပ် ကြည့်ရှုခံနေရတာ ဒီနေ့ ဧပြီ ၂ ရက်နေ့က ရက်ပြည့်သွားတာပါ။ စောင့်ကြပ်ကြည့်ရှုခံရသူတွေထဲက လူနာနဲ့ နောက်ဆုံးထိတွေ့ခဲ့သူတွေလည်း ကျန်းမာရေးကောင်းပြီး ဒီရက်ပိုင်းမှာပဲ ရက်ပြည့်တော့မှာ ဖြစ်ပါတယ်။
ချင်းပြည်နယ်အဆင့် ရောဂါကာကွယ်၊ ထိန်းချုပ်ရေး အဖွဲ့ခေါင်းဆောင် ဦးစိုးညွန့်က “အားလုံး အခြေအနေကောင်းပါတယ်။ လိုက်နာမှုလည်းကောင်းကြပါတယ်။ အတွေ့အကြုံမရှိတော့ အစပိုင်းမှာ အခက်အခဲရှိခဲ့ပေမယ့် အထူးသဖြင့် လူငယ်တွေပါဝင်ကူညီခဲ့တာ အထောက်အပံ့ဖြစ်ခဲ့ပါတယ်။ ပထမဆုံးကြုံလိုက်ရတာဆိုတော့ Home Quarantine ပဲလုပ်နိုင်တယ်လေ။ ခုတော့ Facility Quarantine အတွက်နေရာတွေ စီစဉ်နေပါတယ်” လို့ ပြောပါတယ်။
တီးတိန်ပြည်သူ့ဆေးရုံ၊ အထက (၁)၊ ကမ်းဟောက်ခန်းမ၊ ခွါဒိုဆောင်စတဲ့ နေရာတွေကို စီစဉ်ထားပြီး အထက (၁) ကျောင်းမှာ အရင်ဆုံးထားမယ်လို့ သူက ပြောပါတယ်။
လူနာနဲ့ထိတွေ့ခဲ့သူတွေဖြစ်တဲ့ ဆဲဇန်ရွာ၊ လိုင်လိုးရွာ၊ လွယ်ဘွာလ်း၊ လေးလုမ်း စတဲ့ရပ်ကွက်တို့မှာနေထိုင်သူတွေကိုတော့ ပြည်နယ်အဆင့်အဖွဲ့တွေက အမြဲသွားပြီး စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
တီးတိန်မြို့နယ်ထဲက ဈေးဆိုင်တွေ၊ ကားဂိတ်တွေ၊ တည်းခိုခန်းတွေမှာ ကျန်းမာရေးအရ စနစ်တကျဖြစ်လာအောင်လုပ်ဖို့ စီစဉ်နေတယ်လို့ ပြည်နယ်အဆင့် ရောဂါကာကွယ်၊ ထိန်းချုပ်ရေး အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ပထမဆုံးလူနာကို တီးတိန်မြို့နယ်ဆေးရုံမှာ ကုသပေးနေတာဖြစ်ပြီး ကျန်းမာရေးအခြေအနေ တည်ငြိမ်နေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားပါတယ်။
အမေရိကန်နိုင်ငံကနေ မင်္ဂလာဆောင်ဖို့ နေရပ်ပြန်လာတဲ့ အသက် (၃၆ )နှစ်အရွယ် ချင်းအမျိုးသား ၁ ဦးဟာ COVID-19 ဗိုင်းရပ်စ်ရောဂါရှိကြောင်း မတ်လ ၂၃ ရက်ညမှာ ကျန်းမာရေးဌာနက အတည်ပြုကြေညာခဲ့ပြီး သူသွားရောက်ခဲ့တဲ့ ကျေးရွာကို အသွားအလာကန့်သတ်ခဲ့သလို သူနဲ့ ထိတွေ့ခဲ့သူတွေကို စောင့်ကြပ် ကြည့်ရှုခဲ့တာဖြစ်ပါတယ်။