COVID-19 လူနာ အမျိုးသမီး ရေကြည်တွင် နေထိုင်ခြင်းမရှိဟု မြို့နယ်တာဝန်ရှိသူပြော
DVB
·
April 2, 2020
COVID-19 ရောဂါကူးစက်ခံရခဲ့တဲ့ အတည်ပြုလူနာ နံပတ် ၁၆ အမျိုးသမီးဟာ ဧရာဝတီတိုင်း ရေကြည်ဇာတိဖြစ်ပေမယ့် ရေကြည်မြို့နယ်မှာနေထိုင်သူ မဟုတ်ဘူးလို့ သက်ဆိုင်ရာ မြို့နယ် ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီ တာဝန်ရှိသူက ပြောပါတယ်။
ဧရာဝတီတိုင်း၊ ရေကြည်မြိုနယ်က အသက် ၆၃ နှစ်အရွယ် အမျိုးသမီးဟာ ဒူဘိုင်းကပြန်လာ တဲ့သားဖြစ်သူကို မတ်၁၅ ရက်က ရန်ကုန်လေဆိပ်မှာသွားကြိုခဲ့ပြီးနောက် မြောက်ဥက္ကလာပ မြို့နယ်မှာ တည်းခိုနေထိုင်စဉ် မောပန်း ကိုယ်အပူချိန်မြင့်တက်လာလို့ ဆေးရုံကို ရောက်ရှိလာပြီး စစ်ဆေးရာမှာ COVID-19 ရောဂါတွေ့ရှိတဲ့အကြောင်း မနေ့ညက ကျန်းမာရေးဌာနက ထုတ်ပြန်ခဲ့တာပါ။
အဆိုပါအမျိုးသမီးဟာ ရေကြည်မြို့နယ်၊ တွတ်ပလွတ်ကျေးရွာအုပ်စုထဲက ရွာတရွာမှာ မွေးဖွားခဲ့တာမှန်ပေမယ့် အိမ်ထောင်ကျပြီးကတည်းက ရန်ကုန်သို့ပြောင်းသွားခဲ့တာ ၁၅ နှစ်ရှိပြီဖြစ်ပြီး ရွာမှာလည်း သူ့ရဲ့ နေအိမ်မရှိဘူးလို့ ရေကြည်မြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွှန့်က ပြောပါတယ်။
"ကျနော်တို့ ညက ချက်ခြင်း အဲ့ရွာမှာရှိတဲ့ သူ့မိသားစုဝင်တွေကို တာဝန်ရှိသူတွေပေါင်းပြီး စစ်ဖြစ်ပါတယ်။ သူရဲ့ အမေဖြစ်သူနဲ့ တူမတွေရှိပါတယ်။ သူတို့တွေကတော့ သူ့သားကိုကြိုပြီး နောက်ပိုင်းပြန်လာတာမရှိဘူးလို့ ပြောတယ် "လို့ ပြောပါတယ်။
အဆိုပါအမျိုးသမီးဟာ လွန်ခဲ့တဲ့ ၁၅ နှစ် လောက်က အိမ်ထောင်ကျပြီး ရွာကထွက်သွားခဲ့ကာ မတ်လ ၁ ရက်နေ့က မိခင်ဖြစ်သူထံ အလည်ပြန်လာပြီး မတ်လ ၁၅ ရက် မတိုင်ခင်မှာ ရွာကပြန်လည်ထွက်သွားတာဖြစ်တယ် လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
"ဒီလူနာက သားကိုကြိုပြီးနောက်ပိုင်းရွာကို ပြန်လာတာမရှိဘူး၊ သူရဲ့ အမျိုးတွေလည်း နေ မကောင်းဖြစ်တဲ့အချိန်မှာ ဖုန်းနဲ့ဆက်သွယ်ပေမယ့် ရန်ကုန်ကိုလိုက်သွားတာလည်းမရှိဘူး။ ဒီမှာရှိတဲ့ သူ့ တူမတွေ၊ သူ့ရဲ့ အမေတွေနဲ့ တွေ့ဆုံပြီး မေးထားတာပါ၊ ကျန်တာတွေလည်း ဆက်လက်ဆောင်ရွက်သွားမှာပါ"လို့ ရေကြည်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်းက ပြောပါတယ်။
ကျန်းမာရေးဌာနတာဝန်ရှိသူတွေကတော့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ရွာမှာရှိတဲ့ အဆိုပါအမျိုးသမီးရဲ့ မိသားစု နေအိမ်ကို ပိုးသတ်ဆေးဖျန်းဖို့ရှိတယ်လို့လည်း ရေကြည်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက တာဝန်ရှိသူကပြောပါတယ်။
COVID-19 ရောဂါကူးစက်ခံရတဲ့ ၁၆ ယောက်မြောက်လူနာဟာ ရေကြည်မြို့ နယ်ဇာတိဖြစ်တယ်လို့မနေ့ညပိုင်းကသတင်းထွက်လာပြီးနောက် လူအများစုက ရေကြည်မြို့နယ်မှာ ရောဂါဖြစ်တာလို့ အထင်မှားနေကြောင်းနဲ့ ရောဂါကူးစက်ခဲ့ရတဲ့ အမျိုးသမီးဟာ မြောက်ဥက္ကလာပ မြို့နယ်မှာနေထိုင်ရင်း ရောဂါကူးစက်ခံရတာသာဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွှန့်ကပြောပါတယ်။
အဆိုပါအမျိုးသမီးနဲ့ သားဖြစ်သူဟာ ရောဂါမဖြစ်ခင် တပတ်အလိုက ရန်ကုန်မြို့အတွင်း လှည့်လည်ကာတိုက်ခန်းဝယ်ယူဖို့ လိုက်လံကြည့်ရှုခဲ့သလို နာမကျန်းဖြစ်ပြီး ဆေးရုံ တက်ချိန်မှာလည်း လူနာရဲ့ ခရီးသွားရာဇဝင်ကို ပြည့်ပြည့်စုံစုံမပြောဘူးလို့ ကျန်းမာရေး တာဝန်ရှိသူတွေရဲ့ မှတ်တမ်းအရ သိရပါတယ်။
မင်းထက်မုန်း (ပုသိမ်)