Home
မြန်မာသတင်း
COVID-19 လူနာနှင့် ထိတွေ့ခဲ့သည့်  အမျိုးသမီး ၁ ဦးကို အုတ်ဖို ဆေးရုံတွင်  စောင့်ကြည့်
DVB
·
April 2, 2020
COVID-19 ရောဂါတွေ့ရှိတဲ့ အတည်ပြုလူနာ နံပတ် ၈  (Case-8) ပြင်သစ် စကားပြန်အမျိုးသမီးနဲ့ ထိတွေ့ခဲ့သူ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်က အမျိုးသမီးတစ်ဦးကို အုတ်ဖိုမြို့ ဆေးရုံသို့ ခေါ်ယူပြီး စောင့်ကြည့်ထားရပါတယ်။  COVID-19 လူနာပြင်သစ်စကားပြန်အမျိုးသမီးနဲ့ ထိတွေ့ခဲ့တဲ့ အမျိုးသမီးတစ်ဦး အုတ်ဖိုမြို့နယ်မှာရောက်နေကြောင်း တိုင်းကျန်းမာရေးက မတ်လ ၃၁ ရက် ညပိုင်းမှာ အကြောင်းကြားလို့ အုတ်ဖိုမြို့နယ်ရှိ ရှမ်းကုန်းကျေးရွာသို့ ကျန်းမာရေးတာဝန်ရှိသူတွေက သွားရောက်ပြီး အသက် ၃၇ နှစ်ရှိ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတစ်ခုက လေယာဉ် လက်မှတ်အရောင်းဝန်ထမ်း အမျိုးသမီးအား အုတ်ဖိုမြို့ ပြည်သူ့ဆေးရုံသို့ ခေါ်ဆောင်လာခဲ့တာပါ။ ဒါ့အပြင် အဆိုပါ အမျိုးသမီးရဲ့ မိသားစုဝင်တွေနေထိုင်တဲ့ နေအိမ်ကို Lock Down ချထားလိုက်တယ်လို့ အုတ်ဖိုမြို့နယ်ကျန်းမာရေးဝန်ထမ်း တဦးကပြောပါတယ်။  "တိုင်းကျန်းမာရေးက အကြောင်းကြားတဲ့ ညတွင်းချင်းပဲ ကျနော်တို့ သွားရောက်ပြီး ရောဂါပိုးရှိသူနဲ့ ထိတွေ့ဆက်ဆံခဲ့တဲ့ အမျိုးသမီးနေထိုင်ရာ အိမ်ကို Lockdown ချထားလိုက်တယ်၊ ပြီးတော့ ဒီနေ့မနက်မှာတော့ အုတ်ဖိုဆေးရုံအုပ်ကြီး ဒေါက်တာသန့်စင်မောင် ကိုယ်တိုင် လူနာတင်ကားကို မောင်းနှင်ကာ ရှမ်းကုန်းရွာအထိ အဲ့ဒီအမျိုးသမီးကို သွားရောက်ခေါ်ဆောင်ခဲ့ပါတယ်။” ဓာတ်မှန်ရိုက်ဖို့အတွက်ကတော့ အုတ်ဖိုဆေးရုံမှာ ဓာတ်မှန်စက်ပျက်နေတဲ့အတွက် အိုးသည်ကုန်းတိုက်နယ်ဆေးရုံကို သွားရောက်ပြီး ဓာတ်မှန်ရိုက်ရကြောင်းနဲ့  အုတ်ဖိုဆေးရုံမှာ ဆက်လက်ပြီး သွေးနမူနာနဲ့ သလိပ်နမူနာကိုရယူကာ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)ကို ပို့ဆောင်စစ်ဆေးဖို့ ဆောင်ရွက်နေပါတယ်၊ စစ်ဆေးတဲ့ အဖြေထွက်တဲ့အချိန်ထိ အုတ်ဖိုဆေးရုံမှာပဲ ဒီအမျိုးသမီးကို စောင့်ကြည့်ထားမှာ ဖြစ်တယ်လို့ အုတ်ဖိုမြို့နယ် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ သတင်းပြန်ကြားရေးကော်မတီ တာဝန်ခံ ကိုရဲကျော်လွင်က  ပြောပါတယ်။ အဆိုပါအမျိုးသမီးဟာ မတ်လ ၂၆ ရက်နေ့က အုတ်ဖိုမြို့နယ်ကို  ပြန်ရောက်လာတာလို့ သိရပြီး COVID-19 ရောဂါတွေ့ရှိသူအမျိုးသမီး လက်မှတ်လာဝယ်ရာမှာ ကတ်ပြားနဲ့ ထိတွေ့ကိုင်တွယ်ခဲ့ပြီး  လက်အိတ်နဲ့ ကိုင်တွယ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။  သူ့ရဲ့အလုပ်ရှင်က ရန်ကုန်မှာ ၁၄ ရက်နေဖို့ ပြောဆိုပေမဲ့လည်း အဲ့ဒီအမျိုးသမီးရဲ့ ဖခင်က လာခေါ်လို့ ရွာပြန်လာတာ ဖြစ်ပြီး အိမ်ရောက်တော့ သတင်းမပို့တာကြောင့် မသိရဘဲ မတ် ၃၁ ညကမှ တိုင်းကျန်းမာရေးရဲ့ အကြောင်းကြားမှုကြောင့် သက်ဆိုင်ရာက ရှမ်းကုန်းကျေးရွာမှာရှိတဲ့ သူတို့ နေအိမ်ကို  Lock Down ချခဲ့ရတာလို့ အုတ်ဖိုမြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန့်စင်မောင်ထံက သိရပါတယ်။ အုတ်ဖိုမြို့နယ်မှာ မတ်လ ၃၁ရက်အထိ COVID-19 ဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ကန့်သတ်စောင့်ကြည့်နေရာ ၅ ခုမှာ စောင့်ကြည့်ခံရသူ ၂၃၅ ဦးရှိပြီး၊ သံသယလူနာအဖြစ် ​ကတော့ အသက် ၃၇ နှစ်အရွယ်  အဆိုပါအမျိုးသမီးတစ်ဦးသာ ရှိသေးကြောင်း သိရှိရပါတယ်။ သတင်း- ဝဏ္ဏထွန်း၊ ဓါတ်ပုံ- ကိုရဲ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024