ဧရာဝတီတိုင်းအတွင်း စျေးများ လုံးဝမပိတ်ဟု စည်ပင်ဝန်ကြီးပြော
DVB
·
April 2, 2020
COVID-19 ရောဂါအခြေအနေ ဘယ်လိုအခြေအနေမျိုးကို ရောက်နေပါစေ ဧရာဝတီတိုင်း စည်ပင်သာယာရေးလက်အောက်ခံစျေးတွေကို လုံးဝပိတ်မှာမဟုတ်ဘူးလို့ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ဒီဗွီဘီကိုပြောပါတယ်။
"ကျနော်တို့က ရောဂါကာကွယ်ရေး ၁ ခုတည်းကိုကြည့်လိုမရပါဘူး၊ ပြည်သူလူထုရဲ့ စားဝတ်နေရေးကလည်း အရမ်းကိုအရေးကြီးပါတယ်၊ စျေးကိုတော့ ဘယ်တော့မှ မပိတ်ဘူး"လို့ ပြောပါတယ်။
ခုဆို စက်ရုံ အလုပ်ရုံတွေလည်း ပိတ်တာတွေ လုပ်သားလျှော့ချတာတွေကြောင့် အလုပ်လက်မဲ့တွေ အများကြီးရှိလာပြီး တနေ့လုပ်တနေ့စားသမား အောက်ခြေလူတန်းစာတွေ စားဝတ်နေရေးခက်ခဲသွားပြီး စားစရာမရှိရင် အင်မတန်ကြီးမာတဲ့ ဂယက်ကိုရင်ဆိုင် ရမှာဖြစ်တဲ့အတွက် ပြည်သူလူထုစားဝတ်နေရေးထိခိုက်မယ့် ကိစ္စမှန်သမျှကို မလုပ်မိဖို့ အင်မတန် အရေးကြီးပါတယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းအတွင်း စည်ပင်သာယာရေးလက်အောက်ခံစျေးများကို လက်ဆေးဖို့ စင်တွေပြုလုပ်ပေးထားပြီး နေ့စဉ်သန့်ရှင်းရေးပြုလုပ်တောတွေ ပိုးမွှားသန့်ရှင်ရေးအတွက် ဆေးဖျန်းတာတွေနဲ့ နေမကောင်းတဲ့သူ စျေးရောင်းတာမလုပ်ဖို့နဲ့ စျေးလာဝယ်တာမလုပ်ဖို့ သက်ဆိုင်ရာ စျေးတိုင်းမှာ ဗွီနိုင်းတွေကပ်ထားသလို စျေးတာဝန်ရှိသူတွေကလည်း လိုက်လံ အသိပေးကြော်ငြာတာတွေပြုလုပ်ပြီး စျေးကနေတဆင့်ကူစက်မှုမဖြစ်ပွားစေရေးဆောင် ရွက်နေတယ်လို့ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်း မြို့နယ် ၂၆ မြို့နယ်နဲ့ မြို့ ၇ မြို့မှာ စည်ပင်သာယာရေးအဖွဲ့ရဲ့ လက်အောက်ခံ ၁၃၂ စျေးရှိပြီး စျေးတိုင်းမှာ COVID-19 ရောဂါကာကွယ်ရေး အသိပညာပေး ဆိုင်ဘုတ်တွေကပ်ထားပြီး အသိပညာပေးလုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ တိုင်းအစိုးရအဖွဲ့ရုံးက သိရပါတယ်။
ဧရာဝတီတိုင်းအတွင်း မတ်လ ၃၁ ရက်နေ့အထိ COVID-19 ရောဂါပိုးတွေ့ရှိသူ မရှိသေးပေမဲ့ ပြည်ပနိုင်ငံကပြန်လာသူ ၉၁၄ ဦးရှိပြီး မြို့နယ် ၂၆ မြို့က စောင့်ကြည့်ရေး စခန်း ၁၅၀ ဖွင့်လှစ်ကာ ၁၄ ရက်တာ စောင့်ကြည့်နေတယ်လို့ တိုင်းအစိုးရအဖွဲ့ ရဲ့မှတ်တမ်းတွေအရ သိရပါတယ်။
COVID-19 ရောဂါသံသယနဲ့ ဧရာဝတီတိုင်းမှာ စောင့်ကြည့်ခံရသူ ၁၄ ဦးရှိခဲ့ပြီး ဓာတ်ခွဲစစ်ဆေးအဖြေရလဒ်တွေအရ ရောဂါပိုးမတွေ့ရှိဘူးလို့ သိရပါတယ်။
မင်းထက်မုန်း (ပုသိမ်)