မောင်တောမြို့နယ်တွင် WY စိတ်ကြွမူးယစ်ဆေးပြား ၁၈ သိန်းကျော်ဖမ်းမိ
DVB
·
April 1, 2020
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အငူမှော်သွားလမ်းပေါ် ဗောဓိကုန်းကျေးရွာနဲ့ ခရေမြိုင်ကျေးရွာအကြားမှာ မော်တော်ယာဉ်တစီးပေါ်ကနေ စိတ်ကြွမူးယစ်ဆေးဝါးပြားပေါင်း ၁၈ သိန်းလောက် ဖမ်းဆီးရမိတယ်လို့ မူးယစ်အထူးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားပါတယ်။
မတ်လ ၃၁ ရက်က အငူမှော်သွားလမ်းပေါ် မောင်းနှင်လာတဲ့ Wish အမျိုးအစား မော်တော်ယာဉ်တစ်စီးကို ခမရ (၅၆၅)တပ်က စစ်ဆေးစဉ် မောင်းနှင်ထွက်ပြေးသွားတဲ့အတွက် သတိပေး ပစ်ခတ်ဖမ်းဆီးရာ ယာဉ်ပေါ်က ၂ ဦးထွက်ပြေး လွတ်မြောက်သွားပြီး ယာဉ်မောင်းဖြစ်သူကိုတော့ မူးယစ်ဆေးတွေနဲ့အတူ ဖမ်းမိခဲ့တာပါ။
မူးယစ်အထူးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက "ဖမ်းမိတာက လမ်းတလျှောက်လုံခြုံရေး ယူထားတဲ့တပ်မတော်စစ်ကြောင်းက စစ်ဆေးဖို့ တားဆီးစဉ်မရပ်ဘဲမောင်းပြေးတယ်။ ခြောက်လှန့် ပစ်ခတ်တဲ့အချိန်မှာ ကားပေါ်က ၂ ဦးက ထွက်ပြေးလွတ်မြောက်သွားတယ်။ ကားမောင်းသူနဲ့အတူ ကားပေါ်က မူးယစ်ဆေးတွေ ဖမ်းမိတာဖြစ်တယ်။”လို့ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေကတော့ WY/R စာတမ်းပါ စိတ်ကြွမူးယစ်ဆေးပြားပေါင်း ၁,၈၉၇,၁၅၀ ပြားရှိပြီး ကာလတန်ဖိုး ကျပ်ငွေ ၃၇၉၄၃ သိန်း တန်ဖိုးရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။
ဖမ်းဆီးရမိတဲ့ ယာဉ်မောင်းဟာ ဘူးသီးတောင်မြို့နေ အသက် ၂၅ နှစ်အရွယ် ကျော်နိုင်ထူးဖြစ်ပြီး မူးယစ်တပ်ဖွဲ့စုကိုလွှဲပြောင်းကာ ရဲတပ်ဖွဲ့က ပြင်ဖြူရဲစခန်းမှာ အမှုဖွင့်ထားပြီး ကွင်းဆက်တရာခံတွေကို ဖမ်းမိဖို့ ဆက်လက်ကြိုးပမ်းနေပါတယ်။
လင်းလက်