COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ တပ်မတော်က ကူညီဆောင်ရွက်ပေးနေ
နေဖြိုးဝင်း
·
April 1, 2020
တပ်မတော်အနေနဲ့ လက်ရှိမှာ COVID-19 နဲ့ ပတ်သက်လို့ ပိုးသတ်ဆေးဖြန်းတာ၊ အသိပညာပေးဆွေးနွေးတာ၊ ဆေးစစ်ပေးတာတွေကို နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စာသင်တိုက်တွေ၊ ဘာသာရေးဆိုင်ရာကျောင်းတွေမှာ လိုက်လံ ဆောင်ရွက်ပေးနေတယ်လို့ နေပြည်တော် စစ်တိုင်းမှူးက ပြောပါတယ်။
နေပြည်တော်တိုင်းစစ်ဌာနချုပ်ကနေ ဒီနေ့ ဧပြီ ၁ ရက်မှာ ပျဉ်းမနားမြို့နယ်အတွင်းက ဘုန်းကြီးကျောင်းတစ်ကျောင်းနဲ့ ဟိန္ဒူဘုရားကျောင်းတစ်ကျောင်းတို့ကို ပိုးသတ်ဆေးဖြန်းတာ၊ အသိပညာပေးဆွေးနွေးတာ၊ ဆေးစစ်ပေးတာတွေကို ဆောင်ရွက်ပေးခဲ့ပါတယ်။
COVID-19နဲ့ပတ်သက်လို့ အန္တရာယ်ရှိလာနိုင်တယ်လို့ မျှော်မှန်းထားတဲ့အတွက် ကြိုတင်ကာကွယ်ရေးတွေကို တတ်နိုင်တဲ့ ဘက်ကနေ လိုက်လံဆောင်ရွက်နေတာဖြစ်သလို တပ်မတော်အနေနဲ့ အားလုံးနဲ့ တသားထဲရှိတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်နေတာလို့ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်က ပြောပါတယ်။
“တပ်မတော်အနေနဲ့ ကုသရေးအတွက် လိုအပ်လာပြီဆိုရင် ကုသရေးအသင်းတွေလည်း ဖွဲ့စည်းထားတယ်။ အဲဒါတွေနဲ့ ပေါင်းစပ်ပြီး လိုအပ်တဲ့အချိန်မှာ ဝိုင်းဝန်းကူညီ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နေပြည်တော်တိုင်းအနေနဲ့ဆိုရင်တော့ အခုလက်ရှိကတော့ ကာကွယ်ရေး အခြေအနေပဲ ဆောင်ရွက်ပေးနေဆဲဖြစ်ပါတယ်”
ဒါ့အပြင် Quarantine အတွက် လိုအပ်လာရင် အသုံးပြုနိုင်ဖို့ နေပြည်တော်ရှိ စစ်ကြောရေးနဲ့ တည်းခိုရေး အမှတ် (၃) စခန်းမှာ လူဦးရေ ၁၅၀၀၀ ဦးခန့်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားတယ်လို့လည်းဆိုပါတယ်။
“အဲဒီမှာစားရေးသောက်ရေးကအစ တပ်မတော်ကနေ လိုအပ်တဲ့ဟာတွေ ကူညီပေးဖို့ ပြင်ဆင်ထားပါတယ်။ ချက်ပြုတ်ရေးအဖွဲ့တွေလည်း ဖွဲ့စည်းဆောင်ရွက်ပြီး ဖြစ်ပါတယ်။ သန့်ရှင်းရေးတွေ၊ နောက် အိပ်ယာ၊ စောင်၊ ခြင်တောင်ကအစ ပြင် ဆင်ဆောင်ရွက်ပြီးဖြစ်ပါတယ် ” လို့ တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်က ပြောပါတယ်။
တိုင်းစစ်ဌာနချုပ်အနေနဲ့ တိုင်းအလိုက် သတ်မှတ်ပေးထားတဲ့ စည်းရုံးရေး နယ်မြေလေးတွေမှာ ကျေးရွာအဆင့်၊ ရပ်ကွက်အဆင့် အပိုင်းအလိုက်ဆောင်ရွက်နေသလို ကြီးတဲ့ အဆောက်အအုံတွေ၊ စာသင်တိုက်တွေကို ဦးစားပေးဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့လည်း နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာ ၁ နဲ့ ပုဗ္ဗသီရိ၊ ဇေယျာသီရိ၊ ဥတ္တရသီရိ၊ ဇမ္ဗူသီရိရှိ ကုတင် ၅၀ ဆေးရုံတွေမှာလည်း Quarantine ထားရှိသူတွေကို စောင့်ကြည့်နေတာတွေ့ရပါတယ်။
တပ်မတော်အနေနဲ့ လူမျိုးရေး၊ ဘာသာရေး ကွဲပြားမှုမရှိဘဲ အားလုံး တတန်းတစားထဲပဲ သတ်မှတ်ထားပြီး ဘာသာရေးဆိုင်ရာနေရာတွေ အားလုံး မလစ်လပ်မကျန်ရှိအောင် သွားရောက်အားပေး လှူဒါန်းစရာရှိတာတွေလည်း လှူဒါန်းသွားမယ်လို့ နေပြည်တော် တိုင်းမှူးက ပြောပါတယ်။