သီပေါမြို့နယ် ဖတ်ဟိကျေးရွာဘုန်းကြီးကျောင်း မီးလောင်ပြာကျ
နန်းမြနဒီ
·
April 1, 2020
ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ထဲမှာ မတ်လ ၃၁ ရက်က ကျေးရွာဘုန်းကြီး ကျောင်းတစ်ကျောင်း မီးလောင်မှုဖြစ်ပွားပြီး ကျောင်းတိုက်တစ်ခုလုံး မီးထဲပါသွားပါတယ်။
ယမန်နေ့မွန်းလွဲ ၂ နာရီခွဲကျော်လောက်က သီပေါမြို့နယ် ကုန်းဆော့ကျေးရွာအုပ်စု ဖတ်ဟိကျေးရွာ ဘုန်းကြီးကျောင်းမှာ မီးလောင်မှုဖြစ်ပွားကြောင်း သိရှိရတဲ့အတွက် မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်တွေနဲ့အတူ သွားရောက်ကူညီခဲ့တယ်လို့ သီပေါနယ်စည်းမခြား ပရဟိတအဖွဲ့က ပြောပါတယ်။
ဒါပေမယ့် အဆိုပါကျေးရွာဟာ မြို့နဲ့ ၁၇ မိုင်လောက်ဝေးပြီး လမ်းခရီးကြမ်းတာကြောင့် မီးသတ်ကားတွေ ရောက်ရှိချိန်မှာ ကျောင်းတိုက်တစ်ခုလုံး လောင်ကျွမ်းသွားပြီး အနီးနားကို မီးဆက်မကူးအောင်သာ ရေတွေဖျန်းပက်ပေးခဲ့ရတယ်လို့ ပရဟိတအဖွဲ့ခေါင်းဆောင် ကိုမျိုးက ဒီဗွီဘီကို ပြောပါတယ်။
“မီးလောင်တယ်ဆိုတာသိသိချင်း ကျနော်တို့အဖွဲ့ဝင်တွေက မြို့နယ်မီးသတ်တပ်ဖွဲ့နဲ့အတူ လိုက်သွားခဲ့ကြတယ်။ မီးသတ်ကား ၃ စီးထွက်တယ်။ ဒါပေမဲ့ အဲဒီရွာက မြို့နဲ့ ၁၇ မိုင်လောက်ဝေးပြီး လမ်းလည်းကြမ်း၊ မီးသတ်ကားကလည်း အမြန်မမောင်းနိုင်ဘူး၊ ၄၅ မိနစ်လောက်မောင်းရတယ်။ ဟိုရောက်တော့ ဘုန်းကြီးကျောင်းတခုလုံး ဘာမှမကျန်တော့ဘူး။ ကျောင်းက ကွင်းပြင်မှာ လေတွေလည်းတအားတိုက်ပြီး အဲဒီရွာမှာ ရေရှားပါးတော့ အခက်အခဲရှိတယ်။ လူထိခိုက်ဒဏ်ရာရ တာတော့ မရှိပါဘူးခင်ဗျ ”
အဆိုပါဘုန်းကြီးကျောင်းမှာ ဆိုလာမီးနဲ့ ဘက်ထရီအားသွင်းရာက နေဘက်ထရီ အိုးပေါက်ကွဲပြီး မီးစလောင်တယ်လို့ အကြမ်းဖျဉ်းသိရတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး နောက်ထပ်အချက်အလက်တွေသိရဖို့ သီပေါမြို့နယ် မီးသတ်တပ်ဖွဲ့ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ တာဝန်ယူဖြေကြားပေးမယ့်သူနဲ့ မတွေ့သေးပါဘူး။
Photo: Sai Nyi Nyi Oo