နိရဉ္စရာသတင်းဌာနအား ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးပြီး သတင်းထောက် ၃ ဦးကို ခေါ်ဆောင်
ဝဏ္ဏခွာညို
·
April 1, 2020
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အိုးတန်းရပ်ကွက်၊ ရွှေဗန်းလမ်းမှာရှိတဲ့ နိရဉ္စရာသတင်းဌာနကို အရပ်ဝတ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်စစ်ဆေးပြီး သတင်းထောက် ၃ ဦးကို ခေါ်ဆောင်သွားတယ်လို့ နိရဉ္စရာသတင်းဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
မတ်လ ၃၁ ရက် ညနေပိုင်း ၅ နာရီကျော်လောက်က အထူးသတင်းတပ်ဖွဲ့SB တွေ၊ CID မှုခင်းရဲတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်တဲ့အဖွဲ့က သတင်းဌာနက ရုံးခန်းတွေကို စစ်ဆေးပြီးနောက် သတင်းထောက်သုံးဦးကိုခေါ်ဆောင်သွားတယ်လို့ နိရဉ္စရာသတင်းဌာန သတင်းထောက်ကိုနီမင်းထွန်းက ပြောပါတယ်။
“သူတို့စစ်ဆေးဖို့ဆိုပြီးခေါ်တာ၊ ကွန်ပျူတာ ၂ လုံးရယ်၊ ပြီးတော့ သူတို့ဖုန်းတွေပါသွားတယ်။ ဝင်စစ်တာက ၅ နာရီခွဲလောက်မှာ ဝင်စစ်ပါတယ်။ ပြီးတော့ ၆ နာရီကျော်လောက်မှာ ပြန်ထွက် သွားပါတယ်။ အရပ်ဝတ်နဲ့ လူ ၁၀ ကျော်လောက်ပါတယ်။ အဲ့ဒီထဲမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရယ်။ ပြီးတော့ CID ပါတယ်။ ပြီးတော့ SB ပါတယ်။ အရပ်ဝတ်နဲ့ရဲတွေလည်းပါတာကို မြင်ရပါတယ်။
နိရဉ္စရာသတင်းဌာနက ခေါ်ဆောင်ခြင်းခံရတဲ့ သတင်းထောက်တွေကတော့ အကြီးတန်း သတင်းထောက် ကိုသန့်မြင့်ခိုင် (ခေါ်) သိန်းဇော်၊ သတင်းထောက်ထွန်းခိုင်နဲ့ သတင်းထောက် အောင်လင်းထွန်းတို့ဖြစ်ကြပါတယ်။
နိရဉ္စရာသတင်းဌာနသတင်းထောက်တွေကို ခေါ်သွားတာနဲ့ ပတ်သက်လို့ စစ်တွေ မြို့မရဲစခန်းကို ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။