ပင်လည်ဘူးမြို့နယ်တွင် မီးလောင်၊ နေအိမ် ၅ လုံးပျက်စီးဆုံးရှုံး
Aung Ko Latt
·
April 1, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်၊ ဝါးယူးသာကျေးရွာမှာ မတ်လ ၃၁ ရက် နေ့လည်ပိုင်းက ပေါ့ဆမီးကတဆင့် မီးလောင်မှုဖြစ်ပွားပြီး လူနေအိမ် ၅ လုံးဆုံးရှုံးကာ အိမ်ထောင်စု ၅ စုက လူဦးရေ ၂၁ ဦး မီးဘေးသင့်ခဲ့ရတယ်။
ပေါ့ဆမီးကြောင့် မီးလောင်မှုဖြစ်ပွားတာလို့ မြို့နယ်မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးမှူး ဦးမျိုးနေတိုးက ပြောပါတယ်။
"မိဘတွေမရှိတုန်း အသက် ၁၀ နှစ်အရွယ်ကလေးက မီးဖိုမှာ မီးသုံးစွဲတာကနေ လောင်ကျွမ်းမှုဖြစ်ပြီး ဘေးအိမ်တွေပါ ကူးတာပေါ့။ ပေါ့ဆမီးပေါ့။ ဒါက ဒီနှစ်မှာ ဒုတိယအကြိမ်ပါ။ ပထမအကြိမ်က ရှို့မီးပေါ့။ နောက်ထပ်မီးလောင်မှုတွေ မဖြစ်ပွားရအောင် အသိပညာပေးတာ၊ သရုပ်ပြတာ၊ စစ်ဆေးတာ၊ လက်ကမ်းစာစောင်ဖြန့်ဝေတာတွေကိုလည်း ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်လုပ်သွားဖို့ ရှိပါတယ်။"လို့ ပြောပါတယ်။
မီးလောင်မှုကို မီးသတ်ကား ၁ စီး၊ ရေသယ်ယာဉ် ၁ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၂၀ ဦးနဲ့ ဒေသခံပြည်သူတွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပါတယ်။
မီးလောင်မှုကြောင့် နေအိမ် ၅ လုံးအပြင် ထွန်စက်တွေ၊ စပါးကျီတွေ မီးလောင်ဆုံးရှုံးခဲ့ပြီး လူတွေတော့ ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ ဆိုပါတယ်။ မီးလောင်မှုနဲ့ ပတ်သက်ပြီး တာဝန်ရှိသူကို အမှုဖွင့် အရေးယူနိုင်ရေး လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။