Home
မြန်မာသတင်း
တနိုင်ငံလုံး Lock Down မလုပ်သေးဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော  
DVB
·
March 31, 2020
တနိုင်ငံလုံး Lock Down လုံးဝပိတ်မှု မလုပ်သေးပေမယ့် တချို့သောနေရာတွေမှာ အသွားအလာကန့်သတ်ခြင်းအစီအစဉ် Community Quarantine ကဲ့သို့ ကန့်သတ်မှုများကို ဆောင်ရွက်ကောင်း ဆောင်ရွက်မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ COVID-19 ဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်းပြီး ဒီကနေ့ မတ်လ ၃၁ ရက်ညနေက  COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုသို့ တတိယအကြိမ် အစီရင်ခံ တင်ပြတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားလိုက်တာပါ။ အိမ်ပြင်မှာပဲဖြစ်ဖြစ်၊ အိမ်တွင်းမှာပဲဖြစ်ဖြစ် လူစုလူဝေး ရှောင်ဖို့ ဆွေမျိုးမိတ်ဆွေတွေ စုပြီး အိမ်ထဲမှာ ဆုံကြ၊ နီးနီးကပ်ကပ် နေကြတာဟာ အပြင်ထွက်ပြီး လူအုပ်ထဲတိုးတာလိုပဲ အန္တရာယ်ရှိကြောင်းနဲ့ ဒီအချိန်မှာ ဝေးလေ ကောင်းလေ ဆိုတဲ့ အသိနဲ့ ကိုယ့်ကျန်းမာရေးနဲ့ အများကျန်းမာရေးကို ဂရုစိုက် ကာကွယ်ပေးကြဖို့နဲ့ တတ်နိုင်သမျှ ကိုယ့်အိမ်မှာပဲ နေကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။ ဒါ့အပြင် COVID-19 ရောဂါတိုက်ဖျက်ရေးတာဝန်ထမ်းဆောင်နေကြတဲ့ ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးမှူးတွေနဲ့ ဝိုင်းဝန်းကူညီပူးပေါင်း ဆောင်ရွက်နေတဲ့ ပြည်သူလူထုတွေကို ကျေးဇူးတင်တဲ့ အကြောင်းလည်း ပြောကြားသွားပါတယ်။ မြန်မာနိုင်ငံမှာ COVID-19 ဗိုင်းရပ်စ်ရောဂါ ကူးစက်ခံထားရသူ အတည်ပြုလူနာ ၁၄ ဦးရှိပြီး  မတ်လ ၃၁ ရက် မနက်က လူနာ ၁ ဦး ပထမဆုံးသေဆုံးသွားပြီးနောက်မှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က မိန့်ခွန်းပြောကြားလိုက်တာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းအပြည့်အစုံ– “ဒီကနေ့ မနက်မှာ ရောဂါရှိကြောင်း တွေ့ထားပြီး ဆေးရုံတင်ကုသနေတဲ့ အခုအချိန်အထိ လူနာ ၁၄ ယောက်အနက် တယောက် ကွယ်လွန်အနိစ္စရောက်သွားပါတယ်။ ကွယ်လွန်သွားသူမှာ ရောဂါအခံ နှာခေါင်းကင်ဆာရှိပြီး စင်ကာပူနိုင်ငံမှတဆင့် ဩစတြေးလျနိုင်ငံမှ မကြာခင်က ပြန်ရောက်လာသူ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရဲ့ သဘောသဘာဝအရ ရောဂါအခံကြောင့်၊ အသက်အရွယ်ကြီးခြင်းကြောင့် ကိုယ်ခံစွမ်းအား နည်းနေသူများအတွက် အထူးစိုးရိမ်ရပါတယ်။ ဆေးကုသမှု နောက်ကျခြင်းကလည်း အန္တရာယ်ကို ပိုစေပါတယ်။ ဒါကြောင့် သံသယဖြစ်စရာ လက္ခဏာတွေ ကိုယ်ပူ၊ ချောင်းဆိုး၊ အသက်ရှူကျပ်ခြင်းတွေ ဖြစ်နေပါက အမြန်ဆုံး ကျန်းမာရေးဌာနကို ဆက်သွယ်ဖို့ လိုပါတယ်။ ကိုဗစ်-၁၉ ရဲ့ အဆိုးရွားဆုံးအချက်ကတော့ ကူးစက်ပျံ့နှံ့မှု အလွန်မြန်ခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရောဂါပိုးကပ်နေနိုင်ခြင်း ရှိတဲ့သူတွေကို Quarantine ထားရတာပါ။ အခြားသူတွေနဲ့ မထိတွေ့ရအောင်၊ အခြားသူတွေ မကူးစက်သွားရအောင်ပါ။ ကိုဗစ်-၁၉ က ပြည်ပက စဝင်လာတယ်ဆိုပေမယ့် ပြည်တွင်းရောက်တော့ အချင်းချင်း ထိတွေ့မှုကနေ အများကြီး၊ အမြန်ကြီး ပြန့်သွားနိုင်ပါတယ်။ အထိရောက်ဆုံး အကာအကွယ်၊ အထိန်းအချုပ်ကတော့ ထိတွေ့မှုတွေ ရှောင်ဖို့ပါပဲ။ ဒါကြောင့် အများနဲ့ အနီးကပ်ဖြစ်ရမယ့် နေရာတွေကို မသွားပါနဲ့။ အိမ်ပြင်မှာပဲဖြစ်ဖြစ်၊ အိမ်တွင်းမှာပဲဖြစ်ဖြစ် လူစုလူဝေး ရှောင်ပါ။ ဆွေမျိုးမိတ်ဆွေတွေ စုပြီး အိမ်ထဲမှာ ဆုံကြ၊ နီးနီးကပ်ကပ် နေကြတာဟာ အပြင်ထွက်ပြီး လူအုပ်ထဲတိုးတာလိုပဲ အန္တရာယ်ရှိပါတယ်။ ဒီအချိန်မှာ ဝေးလေ ကောင်းလေ ဆိုတဲ့ အသိနဲ့ ကိုယ့်ကျန်းမာရေးနဲ့ အများကျန်းမာရေးကို ဂရုစိုက် ကာကွယ်ပေးကြပါ။ တတ်နိုင်သမျှ ကိုယ့်အိမ်မှာပဲ နေကြပါ။ အိမ်နေရာထိုင်ခင်း မကျယ်တဲ့ မိသားစုတွေအတွက် အခက်အခဲရှိမယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမဲ့ အချိန်ကာလ အတိုင်းအတာတခုအထိကို ကျမတို့ ပြည်သူတွေအားလုံး စိတ်ကိုတင်းပြီး အခက်အခဲတွေကို သည်းခံကြ၊ တဦးချင်း တဦးချင်း တာဝန်သိစိတ်အပြည့်နဲ့ ကိုဗစ်-၁၉ မပြန့်ပွားရေး ဆောင်ရွက်ပေးကြမယ်ဆိုရင် ဒီစိန်ခေါ်မှုကြီးကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ ဒီ ၁၄ ရက် Quarantine နေရပေမယ့် ပြည်သူတွေက ဒီအချိန်လေးကို အများအပေါ် စေတနာစိတ်နဲ့ သည်းခံကျော်ဖြတ်ပေးပါ။ Quarantine လုပ်ခံရတဲ့ သူတွေဟာ ရောဂါကူးစက်နိုင်တဲ့ အနေအထား ရှိသူတွေ ဖြစ်ပါတယ်။ ဒီတော့ Quarantine မှာ နေပြီး ကျန်းမာရေးအခြေအနေ စောင့်ကြည့်ခံရတာဟာ ကိုယ့်အတွက်လည်း အကျိုးများပါတယ်။ ရောဂါလက္ခဏာလေး ပေါ်လာတာနဲ့ ဆေးကုသမှု ချက်ချင်းရရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် စောစောသိရလို့ ကုသမှု အောင်မြင်မှု မြင့်မားလာပါတယ်။ အများအကျိုးဆောင် ကိုယ့်အကျိုးအောင်မှာပါပဲ။ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ကပ်ရောဂါကြီး Big Outbreak ဖြစ်နိုင်တဲ့ ကြေညာချက် ထုတ်ပြန်ပြီးနောက်ပိုင်း ပြည်သူများအကြားမှာ Lock Down လုံးဝပိတ်မှု မလုပ်သေးဘူးလား တိုက်တွန်းနေသူများလည်း ရှိကြပါတယ်။ ဒီလိုတိုက်တွန်းမှုတွေကြောင့် ဘယ်တော့ Lock Down လုပ်မလဲဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိကြပါတယ်။ ဒါကြောင့် တနိုင်ငံလုံး အကျိုးအတွက် တချို့သောနေရာတွေမှာ အသွားအလာကန့်သတ်ခြင်းအစီအစဉ် Community Quarantine ကဲ့သို့ ကန့်သတ်မှုများကို ဆောင်ရွက်ကောင်း ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ရန် ရှိရင်လည်း စားနပ်ရိက္ခာ၊ ဆေးဝါး စတာတွေ မပြတ်လပ်စေရေး၊ တည်ငြိမ်အေးချမ်းရေးတို့ကို စနစ်တကျ ဆောင်ရွက်နိုင်ဖို့အတွက် ဒုတိယသမ္မတ(၁) ဦးစီးတဲ့ ကော်မတီကို ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ Community Quarantine ဆောင်ရွက်ရန် ရှိရင်လည်း စောနိုင်သမျှ စောစောကြိုတင်ပြီးတော့ အသိပေးပါမယ်။ ပြည်သူများက နားလည်မှုရှိရှိ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်။ ကိုဗစ်-၁၉ နဲ့ပတ်သက်တဲ့ စီးပွားရေးအကျိုးဆက်တွေကို တွက်ချက်ပြီး ပြည်သူများ ထိခိုက်နစ်နာမှု အနည်းဆုံးဖြစ်စေဖို့ နိုင်ငံတော်အစိုးရ အစီအစဉ်တွေ ချမှတ်ထားပါတယ်။ အလိုအပ်ဆုံး လုပ်ငန်းတွေအတွက် ချေးငွေပေးခြင်းတွေ စတင်နေပါပြီ။ အလုပ်သမားတွေကို လုပ်ခပေးနိုင်ဖို့ လုပ်ငန်း ဆက်လက်လည်ပတ်နိုင်ဖို့ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက အချိန်ပြည့် အခြေအနေတွေကို လေ့လာပြီး သင့်တော်တဲ့ အစီအစဉ်တွေ ချမှတ်အကောင်အထည်ဖော်နေပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် အစီအစဉ်တွေကို အစဉ်တစိုက် နားထောင်လိုက်နာကြဖို့ လိုပါတယ်။ ကျမတို့အားလုံး တယောက်ချင်း တယောက်ချင်း ကျန်းမာရေး၊ အခြားသူများ ကျန်းမာရေး နှစ်မျိုးလုံးအတွက် တာဝန်သိစိတ် အပြည့်အဝ တညီတညွတ်တည်း ကြိုးစားကြပါ။ ညီညွတ်ခြင်းဟာ အင်အား၊ ပြည်သူတွေသာ အဓိက။ ပြည်သူတွေ ညီညီညွတ်ညွတ်နဲ့ လုပ်သင့်လုပ်ထိုက်တာအားလုံးကို လုပ်မယ်ဆိုရင် ကျမတို့အတွက် အောင်မြင်ခြင်းပါပဲ။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုကို အပြင်းအထန် ရုန်းကန်ရင်ဆိုင်ရတဲ့အချိန် ဖြစ်တဲ့အားလျော်စွာ မြန်မာနိုင်ငံဟာလည်း အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ဒီလိုကြိုးပမ်းရာမှာ ပြည်သူများ မိမိတို့အသိစိတ်နဲ့ ကျရာကဏ္ဍ နိုင်ရာနယ်ပယ်အသီးသီးက ပံ့ပိုးကူညီဆောင်ရွက်နေမှုများကို အားရကျေနပ်ဖွယ်ရာ တွေ့မြင်ရပါတယ်။ ကျမတို့တွေရဲ့ အတူတကွ စုပေါင်းအင်အားနဲ့ ရင်ဆိုင်ကြမယ်ဆိုရင် ကပ်ရောဂါဘေးကို တည်ငြိမ်စွာ ရင်ဆိုင်ကျော်ဖြတ်နိုင်မယ်လို့လည်း အပြည့်အဝ ယုံကြည်ပါတယ်။ လက်ရှိအချိန်မှာ မပြည့်စုံတဲ့ကြားက စိတ်ဓာတ်မြင့်မြင့်မားမားနဲ့ ရှေ့တန်းကတိုက်ပွဲဝင်နေတဲ့ ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်းတွေကို အထူးကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ၎င်းတို့ဟာ ပြည်သူတွေအတွက် တိုက်ပွဲဝင်နေတဲ့ သူရဲကောင်းတွေပဲ ဖြစ်ပါတယ်။ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများနဲ့ အခြားဌာနဆိုင်ရာဝန်ထမ်းများ၊ ဝိုင်းဝန်းကူညီပေးနေတဲ့ ပြည်သူတွေအားလုံးကို နိုင်ငံတော်ကိုယ်စား ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။”

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024