COVID-19 လူနာ သေဆုံးရခြင်း အကြောင်းရင်း ၃ ချက် ကျန်းမာရေးဌာန ရှင်းလင်း
DVB
·
March 31, 2020
ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ နေထိုင်တဲ့ ကင်ဆာရောဂါသည် အသက် ၆၉ နှစ်အရွယ်ရှိ COVID-19 အတည်ပြုလူနာဟာ ဒီနေ့ မတ်လ ၃၁ ရက် မနက်ပိုင်းမှာ ကွယ်လွန်သွားပါတယ်။
သူသေဆုံးရတဲ့ အကြောင်းရင်းဟာ မူလရောဂါအခံအပါအဝင် အချက် ၃ ချက်ကြောင့် သေဆုံး ရတာဖြစ်တယ်လို့ ကျန်းမာရေးနှင်အားကစားဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။
“နံပါတ် ၁ ချက်ခြင်းသေရတာကတော့ လတ်တလောပြင်းထန်အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါနဲ့ သွေးအဆိပ်တက်ပြီးသေတယ်။ ကြားခံအကြောင်းရင်းကတော့ Covid-19 နဲ့ နမိုးနီးယားဝင်လို့ သေတယ်။ နောက်ခံအကြောင်းရင်းကတော့ နှာခေါင်းကင်ဆာနဲ့ ခုနပြောတဲ့ Radiation Theraphy ကုသမှု ခံထားတဲ့ နှာခေါင်းကင်ဆာရောဂါကြောင့် ဖြစ်တယ်” လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။
လူနာဟာ သြစတေးလျနိုင်ငံမှာ နှာခေါင်းကင်ဆာရောဂါကို တစ်လခန့်ကုသမှုခံယူခဲ့ပြီး စင်ကာပူနိုင်ငံက တဆင့် မြန်မာနိုင်ငံကို မတ်လ ၁၄ ရက်က ပြန်လာခဲ့တာပါ။
သူဟာ မတ်လ ၁၈ ရက်က စတင်ပြီး ချောင်းဆိုးခြင်းနဲ့ လည်ချောင်းနာ လက္ခဏာတွေကို ခံစားခဲ့ရတာကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို မတ်လ ၂၅ ရက်မှာ တက်ရောက် ကုသခံယူခဲ့ပါတယ်။ မတ်လ ၂၆ ရက်နေ့မှာတော့ ဓာတ်ခွဲစမ်းသပ်ချက်တွေအရ COVID-19 အတည်ပြုလူနာအဖြစ် သတင်းထုတ်ပြန်ခဲ့ပြီး ဝေဘာဂီဆေးရုံကို လွှဲပြောင်းခဲ့တာဖြစ်ပါတယ်။
လူနာရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး ဒေါက်တာခင်ခင်ကြီးက“၂၅ ရက်နေ့က ဆေးရုံစတက်တယ်။ စတက်ထဲက အခြေအနေအတော်ဆိုးတယ်။ ဒါကြောင့်မို့လို့ ကုသမှုခံခဲ့ရတယ်။ positive ဖြစ်တဲ့အဖြေရတာက ၂၆ ရက်ညမှာရတယ်။ ၂၇ မှာ ထုတ်ပြန်တယ်။ ဘာလို့လဲဆိုတော့ စာတွေ စိစစ်နေရတယ်။ သေချာအသေးစိတ် Detail လုပ်နေရတဲ့ အတွက်ကြောင့်။ COVID- 19 တွေ့ရှိကြောင်း ၂၆ ရက်နေ့က တွေ့ရှိတယ်။ ဆေးရုံ တက်တာက ၂၅ ပေါ့နော်။ သေတာကတော့ ဒီနေ့မနက် ၇ နာရီ ၂၅ မိနစ်မှာသေတယ်။ သူက ၂၅ ထဲက ဆေးရုံတက်တယ်။ ၃၁ ရက်မှာ သေတယ်ဆိုတော့ ၆ ရက်မြောက်မှာမှ သေတယ်။ ဆေးရုံ တက်ပြီး ၆ ရက်မြောက်မှာပေါ့။ စလာထဲက နေမကောင်းဖြစ်တယ်။ တော်တော်လေးအခြေအနေဆိုးတာကို ကျမတို့ ကျန်းမာရေးပြုစုကုသမှုပေးနေတဲ့ ဆရာဝန်တွေအနေနဲ့ သူ့ကိုအထူးဂရုစိုက်ပြီး သေချာ တတ်နိုင်သမျှကို သေမင်းလက်ကနေ ရနိုင်သလောက်ဆွဲခေါ်ဖို့ ကြိုးစားခဲ့တာကြောင့် ၆ ရက် အသက်ရှင်တာ”လို့လည်း ပြောပါတယ်။
အခုသေဆုံးသွားတဲ့ COVID-19 အတည်ပြုလူနာ အမှတ် ၅ ရဲ့ သားဖြစ်သူဟာလည်း COVID-19 အတည်ပြုလူနာအမှတ် ၁၀ အဖြစ် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပြီးဝေဘာဂီဆေးရုံမှာပဲ သီးခြားထားရှိကာ ဆေးကုသမှုခံယူနေပါတယ်။
ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)