Home
မြန်မာသတင်း
ကိုရိုနာဂယက်ကြောင့် ပြေးစရာမြေမရှိဖြစ်နေတဲ့ ထိုင်းရောက်ရွှေ့ပြောင်းလုပ်သားတွေ
နန်းမြနဒီ
·
March 31, 2020
ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု တနေ့တခြားမြင့်မားလာပြီး အစိုးရက အရေးပေါ်အခြေအနေ ကြေညာထားတာကြောင့် သိန်းနဲ့ချီတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ပြီး စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေရပါတယ်။ ဘန်ကောက် လက်ဝှေ့ရုံနဲ့ နိုက်ကလပ်၊ ဘားဆိုင်တွေမှာ ကိုဗစ်- ၁၉ ကူးစက်သူတွေ ဆက်တိုက်တွေ့ရှိပြီးတဲ့နောက် ထိုင်းအစိုးရက ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့က တနိုင်ငံလုံးရှိ အားကစားကွင်း၊ အပျော်အပါးနေရာ၊ ကုန်တိုက်တွေ၊ လူစည်ကားရာနေရာတွေကို ယာယီပိတ်ထားဖို့ ညွှန်ကြားပြီး ပြည်သူတွေကို အိမ်မှာဘဲနေဖို့ တိုက်တွန်းခဲ့တာပါ။  ဒါကြောင့် ပိတ်ပင်ခံရတဲ့နေရာက လူတွေ အလုပ်လက်မဲ့ဖြစ်ကုန်ပြီး ဘန်ကောက်နဲ့ မြို့ကြီးပြကြီးမှာ အလုပ်သွားလုပ်တဲ့ နယ်ကလူတွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေအမြောက်အမြား အမိရပ်မြေကို ပြန်သွားခဲ့ကြပါတယ် ။  မြန်မာပြည်က ရွှေ့ပြောင်းအလုပ်သမားတွေလည်း သောင်းနဲ့ချီ နေရပ်ပြန်ခဲ့ကြပြီး မပြန်တဲ့အလုပ်သမားတွေဟာလည်း စားဝတ်နေရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့  ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ ချင်းမိုင်အခြေစိုက် လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း HRDF တာဝန်ခံ စိုင်းပိုင်းက ဒီဗွီဘီကို ပြောပါတယ်။  “အလုပ်ပြုတ်လို့ စားဝတ်နေရေးအခက်ဖြစ်တဲ့ အလုပ်သမားတွေ ကျနော်တို့ဆီ အကူအညီတောင်းလာတာ နေ့တိုင်းပဲ။ တနေ့ကို အယောက် ၃၀ လောက်ရှိမယ်။  အလုပ်ရှင်က အလုပ်ပိတ်ပြီး ကျန်တဲ့လုပ်အားခ ရှင်းမပေးတာတွေလည်းရှိတယ်။ တချို့က အိမ်ပြန်ချင်တယ်၊ လမ်းစရိတ်တောင်မရှိဘူး၊ အလုပ်ရှင်က ပေးနိုးနိုးနဲ့ စောင့်နေတာ၊ စောင့်ရင်းနဲ့ ဂိတ်သာပိတ်သွားရော ပိုက်ဆံကမရလို့မပြန်ရဘူး၊ တချို့က လက်မှတ်မရှိတော့ မပြန်ရဲဘူး၊  အလုပ်ပြုတ်တဲ့သူတွေက အထူးသဖြင့် ကုန်တိုက်မှာ၊ ကာရာကိုကေဆိုင်မှာ၊ ဘားဆိုင်မှာ၊ အားကစားရုံမှာ သန့်ရှင်းရေးလုပ်တာ၊ ဆိုင်အကူတွေ၊ နောက် လူစုလူဝေးနဲ့ အလုပ်လုပ်ရတဲ့ စက်ရုံတွေ၊ ကျနော့အထင် ချင်းမိုင်မှာ ငါးသောင်းလောက်ရှိမယ် အလုပ်ပြုတ်တာ၊ တနိုင်ငံလုံးဆို သိန်းနဲ့ချီရှိနိုင်တယ်။” စားဝတ်နေရေးခက်တဲ့ အလုပ်သမားတွေအနေနဲ့ အသိမိတ်ဆွေဆီကနေ ချေးငှါးတာ၊ ဆွေမျိုးရှိသူက ဆွေမျိုးထံသွားနေတာတွေရှိပေမယ့် အသိဆွေမျိုးမရှိသူတွေဟာ အခက်အခဲဖြစ်လို့ သူတို့အဖွဲ့အစည်းထံ အကူအညီတောင်းခဲ့ကြောင်း၊ ဒါကြောင့် အလုပ်သမားတွေရဲ့ အရေးပေါ် အခက်အခဲကူညီနိုင်ဖို့  စေတနာရှင် အလှူရှင်တွေ လိုက်စုနေရပါတယ်။  ရွှေ့ပြောင်းအလုပ်သမားတွေဟာ လူမှုဖူလုံရေးအာမခံကတ်လုပ်ထားရင်တော့ လူမှုဖူလုံရေး ဌာနကနေ မိမိလုပ်အားခပေါ်မူတည်ပြီး ထိုက်သင့်တဲ့ အလုပ်လက်မဲ့ထောက်ပံ့ ကြေးလျှောက်ထား နိုင်ပေမယ့် အာမခံမရှိသူ၊ နေ့စားအလုပ်သမားတွေတော့ အခက်အခဲရှိတယ်လို့ ဆိုပါတယ်။  နေ့စားအလုပ်သမားတွေ၊ အာမခံကတ်မရှိသူတွေကို ထိုင်းအစိုးရက တလဘတ် ၅၀၀၀၀နှုန်း နဲ့  ၃ လ ထောက်ပံ့မယ်လို့ ကြေညာခဲ့ပေမယ့် ရွှေ့ပြောင်းလုပ်သားတွေအတွက် ပါမပါဆိုတာကို ရှင်းလင်းစွာဖော်ပြထားခြင်းမရှိပါဘူး။  လျှောက်လွှာမှာ နိုင်ငံသားမှတ်ပုံတင်နံပါတ်ထည့်သွင်းရ တာကြောင့်  အထောက်အထား မရှိတဲ့အလုပ်သမားတွေ မရနိုင်ဘူးလို့ စိုင်းပိုင်းက ပြောပါတယ်။  အဆိုပါ ထောက်ပံ့ကြေးမှာ အစိုးရက တနိုင်ငံလုံး လူပေါင်း ၃ သန်းအတွက်သာ ထောက်ပံ့ပေးမယ်လို့ ဆိုတာကြောင့်  ထောက်ပံ့ကြေး လျှောက်ထားဖို့ အွန်လိုင်း စဖွင့်တဲ့နေ့မှာပဲ လူတွေအရမ်းများပြီး ဝက်ဆိုက်စနစ်ရပ်သွားတဲ့အထိ ဖြစ်ခဲ့ပါတယ်။  မဲဆောက်အခြေစိုက် မြန်မာနိုင်ငံသားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီJACBA ဥက္ကဋ္ဌ ဦးမိုးကြိုးကတော့ ဆမွတ်ပရကန်၊ ပထုန်ဌာနီ၊ ချွန်းပူးရီး၊ နွန်ထပူရီ၊ နခွန်းပထုံ၊ ချွန်းပူးရီး၊ အယုဒ္ဓယ ဘက်တွေက အလုပ်လက်မဲ့ဖြစ်ရတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ၃၀၀၀၀ ကျော်မယ်လို့ ခန့်မှန်းပါတယ်။ “ကိုဗစ် မတိုင်ခင် တရုတ်လူမျိုး အပါအဝင် နိုင်ငံခြားသားလုပ်ငန်းရှင်တွေက ဒီရွှေ့ပြောင်း လုပ်သားတွေရဲ့ အင်အားနဲ့ နိုင်ငံခြားကိုပို့တယ်။ ထိုင်းက ပင်လယ်နဲ့ ရေထွက်ပစ္စည်းတွေကို အမေရိကန်နဲ့ ဥရောပက ပြီးခဲ့တဲ့နှစ်တည်းက ကန့်သတ်လိုက်တော့ သူတို့အမြတ်အစွန်းတွေနည်းပြီး အလုပ်သမားတွေလျှော့ချတယ်။ တချို့ လုပ်ငန်းရပ်ဆိုင်းပြီး ဒေဝါလီခံတယ်။ အဲဒီတော့ အလုပ်သမားတွေအလုပ်ပြုတ်တာပေါ့။ ဇန်နဝါရီလထဲမှာ စက်ရုံ ၂၀၀၊ ဖေဖော်ဝါရီလထဲမှာ ၁၀၀ ကျော် ပိတ်သိမ်းတယ်။ ကိုဗစ်ရောဂါပြဿနာက ပေါ်လာတော့ ကျန်တဲ့ အလုပ်ရုံတွေ ထပ်ပိတ်တော့ အလုပ်လက်မဲ့တွေ ပိုများလာတာပေါ့။” အလုပ်ထုတ်ခံရတာကြောင့် နစ်နာကြေးပြန်ရလိုလို့ လာတိုင်ထားတဲ့အလုပ်သမားတွေလည်း များစွာရှိကြောင်း၊ အခု လောလောဆယ် လုပ်သားအင်အား လျှော့ချခြင်းခံရတဲ့ အလုပ်သမားတွေ၊ လုပ်အားခ ပုံမှန်မရသူတွေ စတဲ့ အမှုတွေ ထိုင်းအလုပ်သမားရုံးအသီးသီးမှာ ပုံနေတယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။  ဒီမတ်လကုန်ပိုင်းမှာဘဲ အလုပ်သမားသက်တမ်းတိုးတာတွေအပြီးလုပ်ဖို့ သက်ဆိုင်ရာက ညွှန်ကြားထားတာကြောင့် စာရွက်စာတမ်းလုပ်ဖို့ အဆင်မပြေသေးသူတွေ ၊ အလုပ်ရှင်ရှာမရသူတွေ၊  ကုန်ကျငွေစုဆောင်းနေရသူတွေကြား စိုးရိမ်ကြောင့်ကြမှုတွေရှိလည်းရှိနေပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်ကတော့  အစိုးရက အလုပ်သမားမှတ်ပုံတင် သက်တမ်းတိုးခြင်းကို လာမယ့် ဇွန် ၃၀ ရက်အထိ ထပ်တိုးပေးလိုက်ပြီး ဗီဇာ သက်တမ်းတွေပါ တိုးခွင့်ပြုလိုက်တာကြောင့် အဲဒီကိစ္စအတွက် အလုပ်သမားတွေ အတန်ငယ် စိတ်အေးသွားခဲ့ကြပါတယ် ။  ဒါပေမယ့် ထိုင်း-မြန်မာနယ်စပ်ဘက်မှာတော့ မြန်မာပြည်တွင်း ပြန်ဝင်ဖို့ ကြိုးစားနေတဲ့ အလုပ်သမားတွေ ရှိနေဆဲ ဖြစ်ပါတယ်။  မယ်ဆိုင်တာချီလိတ် နှစ်နိုင်ငံချစ်ကြည်ရေးတံတားမှာဆိုရင် ထိုင်းအစိုးရက အဝင် အထွက်ဂိတ်ကို မတ်လ ၂၅ ရက် နောက်ဆုံးထားပိတ်မယ်လို့  ကြေညာထားပေမယ့် မြန်မာအလုပ်သမားတွေ နေ့စဉ်နဲ့အမျှပြန်လာကြတာကြောင့် မြန်မာအာဏာပိုင်တွေ လာရောက်ကြိုဆိုခဲ့ရပါတယ်။  မတ်လ ၂၉ ရက်က မြန်မာအလုပ်သမား နောက်ထပ် ၄၉ ဦး မယ်ဆိုင်ကို ရောက်လာပြီး ပိတ်မိနေလို့ နှစ်ဘက်အာဏာပိုင်တွေ ထပ်ပြီးညှိနှိုင်းကာ လွှတ်ပေးလိုက်ရတယ်လို့ နယ်စပ်ရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေတဲ့ မော်ကောင်ဒေသဖွံ့ဖြိုးရေးအဖွဲ့ဝင် စိုင်းအောင်ခမ်းက ဒီဗွီဘီကို ပြောပါတယ်။  “မနေ့က မြန်မာအလုပ်သမားတွေ နောက်ထပ် ၄၉ ဦးရောက်လာတယ်ခင်ဗျ။ အလုပ်မရှိလို့ ပြန်လာကြတာတဲ့၊ တချို့က နယ်စပ်ဂိတ်ပိတ်တာကို မသိဘူး။ တချို့က သိပေမယ့် ရလိုရငြားလာခဲ့တာ။ အစကတော့ တာဝန်ရှိသူတွေက စည်းကမ်းအတိုင်းဘဲ သွားလို့မရဘူးလို့ ပြောတာပေါ့။ အဲဒါနဲ့ ထိုင်းဘက်က မယ်ဆိုင်လွယ်ဝေါင်းကျောင်းတိုက်မှာ ယာယီနေရာချပေး ထားတယ်။ ညနေပိုင်းမှာတော့ မြန်မာဘက်ကလည်း ချစ်ကြည်ရေးတံတား အမှတ် ၂ ကနေ လက်ခံပေးပြီး ကိုယ်ပူချိန်တွေတိုင်း  လိုင်းကားနဲ့ သူတို့ရ ပ်ရွာတွေဆီပြန်ဖို့ စီစဉ်ပေးလိုက်တယ်။” မနေ့မနက်ပိုင်းကလည်း နောက်ထပ်မြန်မာအလုပ်သမား ၁၀ ကျော် မယ်ဆိုင်ကနေ မြန်မာ ဘက်ကမ်း ပြန်ကူးဖို့ရောက်လာကြပေမယ့် နှစ်ဘက်ဂိတ်လုံးဝမဖွင့်တော့ကြောင်း၊ သူတို့အဖွဲ့လည်း သွားကူညီဖို့ မယ်ဆိုင်ဘက်ကို ကူးလို့မရဘူးလို့ စိုင်းအောင်ခမ်းက ပြောသွားပါတယ်။  မဲဆောက် - မြဝတီ နယ်စပ်ဘက်မှာလည်း  နှစ်နိုင်ငံချစ်ကြည်ရေးတံတားဂိတ်တွေကို  မတ်လ ၂၆ ရက်နေ့ကစ ဂိတ်ပိတ်လိုက်ပြီဆိုပေမယ့် မတ်လ ၃၀အထိ မြန်မာဘက်ပြန်ကူးတဲ့ အလုပ်သမားတွေရှိနေဆဲဖြစ်ပြီး သက်ဆိုင်ရာက ကျန်းမာရေးထောက်ခံ စာတွေနဲ့ ဝင်ခွင့်ပြုနေတယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။  မြန်မာအစိုးရကတော့ မြန်မာနိုင်ငံထဲကို နယ်စပ်ဂိတ်တွေကနေ တဆင့်ပြန်ဝင်ရောက်မယ့်သူတွေအနေနဲ့ ဧပြီ ၁၅ ရက် နောက်ပိုင်းမှသာ ပြန်ဝင်လာကြဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့ညက ထုတ်ပြန်ထားပါတယ်။ နယ်စပ်ဂိတ်တွေကနေ ပြည်တွင်းကို ပြန်လည်ဝင်ရောက်လာသူအားလုံး သူတို့ရဲ့ နေရပ်ကို တိုက်ရိုက်ပြန်ခွင့်ပြုမှာမဟုတ်တော့ဘဲ အစိုးရစီစဉ်ထားတဲ့ သတ်မှတ်နေရာတွေမှာပဲ ၁၄ ရက်ကြာ ထိန်းချုပ် ကန့်သတ်စောင့်ကြည့်တာကို ခံယူကြရမယ်၊ ဒီအတွက် ထိန်းချုပ်ကန့်သတ်စောင့်ကြည့်မှု (Quarantine) လုပ်ဖို့ နေရာထိုင်ခင်းတွေ ထပ်ပြီး တိုးချဲ့ဆောင်ရွက်နေတာကြောင့် ပြန်ဝင်လာမယ့်သူတွေအနေနဲ့ နောက်ထပ် နှစ်ပတ်လောက်စောင့်ဆိုင်းကြဖို့ ပန်ကြားလိုက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာလည်း ဒီနေ့အထိ  COVID-19 အတည်ပြုလူနာ ၁၄ ဦးရှိပြီး ဒီအထဲက ၂ ဦးက ထိုင်းကနေပြန်လာသူတွေဖြစ်တာကြောင့် မြန်မာနိုင်ငံအတွင်းမှာလည်း ပြည်ပက ပြန်လာသူတွေကို  အသွားအလာကန့်သတ်တားမြစ်တာ ကျန်းမာရေးစောင့်ကြပ်စစ်ဆေး တာတွေ အပူတပြင်းလုပ်ဆောင်နေပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024