Home
မြန်မာသတင်း
COVID-19 အမိန့် ညွှန်ကြားချက်များ မလိုက်နာသူကို အရေးယူမည်ဟု ကချင်ပြည်နယ် ဝန်ကြီးချုပ်ပြော 
DVB
·
March 31, 2020
အသွားအလာကန့်သတ်ခံထားရသူတွေအနေနဲ့ သတ်မှတ်ကာလမှာ ထုတ်ပြန်ထားတဲ့ အမိန့် ညွှန်ကြားချက်တွေကို မလိုက်နာဘူးဆိုရင် အရေးယူသွားမယ်လို့ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ပြောပါတယ်။ ရောဂါကာကွယ်ထိန်းချုပ်ရေး ပြည်နယ်အဆင့်လုပ်ငန်းကော်မတီနဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ မနေ့က အစည်းအဝေးမှာ ပြောလိုက်တာပါ။ ပြည်ပနိုင်ငံအသီးသီးကနေ ပြည်နယ်ထဲကို နည်းလမ်းအမျိုးမျိုးနဲ့ ပြန်လည်ဝင်ရောက်လာတဲ့ နိုင်ငံသားတွေကို အသွားအလာကန့်သတ်ထိန်းချုပ်ထားတဲ့ Quarantine ကာလမှာ နေအိမ်အပြင်ကို မထွက်ဖို့ ဂရုတစိုက်စောင့်ကြပ်ကြည့်ရှုသွားကြဖို့နဲ့ မလိုက်နာရင် ထုတ်ပြန်ထားတဲ့ ဒေသန္တရ အမိန့်နဲ့အညီ အရေးယူဆောင်ရွက်ကြဖို့လည်း မှာကြားပါတယ်။ ချင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ပြည်ပကနေ ပြည်လည်ရောက်ရှိလာသူတွေကို Facility Quarantine ပြုလုပ်ထိန်းချုပ်နိုင်ရေးအတွက် ခရိုင်၊ မြို့နယ်နဲ့ မြို့တွေအလိုက် နေရာထိုင်ခင်းနဲ့ အကျွေးအမွေး အစီအမံတွေကို စီစဉ်ထားပြီး ဖြစ်တယ်လို့ ပြည်နယ်အစိုးရက ထုတ်ပြန်ထားပါတယ်။ အစည်းအဝေးကို တက်ရောက်လာသူတွေကလည်း မြန်မာ-တရုတ် နှစ်နိုင်ငံကြား COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်တားဆီးရေးဆိုင်ရာ မြို့နယ်အဆင့်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်းဆောင် ရွက်ဖို့ကိစ္စရပ်တွေဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် ပြည်နယ်ထဲက စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးတွေအပါအဝင် ကျေးလက်ဈေး၊ ညနေပိုင်းဈေးတွေကို အချိန်ပိုင်း ဖွင့်လှစ်ရောင်းချစေရေး၊ စားသောက်ဆိုင်တွေမှာ ပါဆယ်စနစ်နဲ့ ရောင်းချစေရေး၊ လူစုလူဝေးဖြစ်စေတဲ့ အလှူ၊ မင်္ဂလာဆောင်တွေ၊ ရှင်ပြုပွဲတွေအပါအဝင် လူမှုရေးပွဲလမ်းတွေကို ဧပြီ ၃၀ ရက်အထိ မပြုလုပ်စေရေး စတာတွေကို ညှိနှိုင်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024