ကိုရိုနာကာကွယ်ရန် ကယားပြည်နယ်ရှိ အလည်ပတ်နေရာ ၁၀ ခု ပိတ်
နော်နိုရင်း
·
March 31, 2020
ကယားပြည်နယ်အတွင်းမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ COVID-19 ကြိုတင်ကာကွယ်နိုင်ဖို့ ပြည်တွင်း၊ ပြည်ပခရီးသွားတွေ အသွားအလာများတဲ့ အလည်အပတ်နေရာ ၁၀ ခုကို ဧပြီလ ၃၀ ရက်အထိ ပြည်နယ်အစိုးရက ပိတ်လိုက်ပါတယ်။
လွိုင်ကော်မြို့နယ်က ထီးစဲခါးရေးတံခွန်၊ ကြက်ဂူ၊ ဒီးမော့ဆိုမြို့နယ်ထဲက ငွေတောင်ဆည်၊ ထီးပွင့်ကန်၊ ကန်ခုနှစ်ဆင့်၊ ပန်ပက်ကျေးရွာ၊ တနီးလာလဲနဲ့ ကွိုင်ငံ တို့အပါအဝင် ဖူဆိုမြို့နယ်ထဲက ထီးပရူးနူဂူနဲ့ ဆင်ဖြူတောင်တို့ကို ပိတ်သိမ်းလိုက်တာဖြစ်လို့ မတ်လ ၃၀ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုရဲ့ အမိန့်စာမှာ ဖော်ပြပါတယ်။ ဒီလိုပိတ်ပိတ်သိမ်းမှုအတွက် လိုက်နာဆောင်ရွက်ကြဖို့လည်း ထုတ်ပြန်ထားပါတယ်။
လတ်တလောဖြစ်ပွားနေတဲ့ COVID-19 ကြောင့် လေယာဉ်စီးနင်းတဲ့ ခရီးသည်နည်းပါးတဲ့ အတွက် လွိုင်ကော်-ရန်ကုန်-လွိုင်ကော်သို့ နေ့စဉ်ပုံမှန်ပြေးဆွဲနေတဲ့ မြန်မာ့လေကြောင်းခရီးစဉ်ကို တပတ်ကို ၄ ရက်သာ ပြေးဆွဲတော့မယ်လို့လည်း သိရပါတယ်။
အဲဒီလေကြောင်းလိုင်းအနေနဲ့ လက်မှတ်ဈေးနှုန်းမပြောင်းဘဲ တနင်္ဂနွေ၊ တနင်္လာ၊ ဗုဒ္ဓဟူး နဲ့ သောကြာနေ့တွေမှာ ပြေးဆွဲမှာဖြစ်ပါတယ်။