နယ်သာလန်တွင် တရုတ်နိုင်ငံထုတ် ခွဲစိတ်ခန်းသုံး မျက်နှာဖုံးများကို  ပြန်သိမ်း

တရုတ်နိုင်ငံကနေ တင်သွင်းလာပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့လူနာတွေကို ကုသပေးနေတဲ့ ဆေးရုံတွေဆီ ဖြန့်ချိပေးခဲ့တဲ့ ထောင်သောင်းချီနေတဲ့ ခွဲစိတ်ခန်းသုံး မျက်နှာဖုံးတွေကို နယ်သာလန်နိုင်ငံက အရာရှိတွေက ပြန်သိမ်းနေပါတယ်။ နယ်သာလန်ဟာ တရုတ်ထုတ်လုပ်သူတယောက်ဆီက ခွဲခန်းသုံး မျက်နှာဖုံးတွေကို မတ်လ ၂၁ရက်က ရခဲ့တာဖြစ်ပြီး  စစ်ဆေးပြီးတဲ့အခါ မျက်နှာဖုံးတွေဟာ နယ်သာလန်နိုင်ငံရဲ့ စံချိန်စံညွှန်းနဲ့ မကိုက်ညီတာ တွေ့ခဲ့ကြတယ်လို့ နယ်သာလန် ကျန်းမာရေးဌာနက ကြေညာပါတယ်။ ဒါပေမယ့်  မျက်နှာဖုံးတချို့ကိုတော့ ကျန်းမာရေးပညာရှင်တွေဆီ ပို့ပြီးနေပြီလို့လည်း ကြေညာချက်က ဆိုပါတယ်။ ဒါကြောင့် တင်ပို့ကုန် တွေကို ချက်ချင်း ထိန်းထားလိုက်ပြီး မဖြန့်ဝေတော့ဖို့နဲ့ မသုံးတော့ဖို့ ဆုံးဖြတ်လိုက်တယ်လို့လည်း ဆိုပါတယ်။  နောက်ထပ် တင်ပို့လာမယ့် ပစ္စည်းတွေကိုလည်းပို့စစ်ဆေးတာအပြင် FFP2 အမျိုးအစားမျက်နှာဖုံး ၁ ဒသမ ၃သန်းရဲ့ တဝက်နီးပါးကို ဆေးရုံဆေးခန်းတွေဆီက ပြန်သိမ်းခဲ့တယ်လို့ ပြည်သူ့ရုပ်သံ NOS က ကြေညာပါတယ်။ မျက်နှာဖုံးတွေရဲ့ ပြဿနာက မျက်နှာကို လုံလောက်အောင် မဖုံးကွယ်နိုင်တာနဲ့ အလွှာတွေက ချို့ယွင်းနေတာလို့လည်း သတင်းဌာနက ထုတ်ဖော်ပြောဆိုပါတယ်။  မတ်လ ၂၈ ရက် ကလည်း တရုတ်နိုင်ငံက တင်ပို့တဲ့ ကိုရိုနာဗိုင်းရပ်စ် ရှိမရှိ စမ်းသပ်ကိရိယာတွေက အဖြေ မတိကျလွန်းလို့ အစားထိုး သုံးမယ်လို့ စပိန်ဝန်ကြီးချုပ် ပေဒရို ဆန်ချက်ဇ်က ပြောခဲ့ပါတယ်။  ရှင်းကျန်း ဘိုင်အိုအီးဇီးကုမ္ပဏီထုတ် စမ်းသပ်ကိရိယာတွေဟာ ချို့ယွင်းနေပြီး ဆေးရုံမှာ လူနာတွေကို စမ်းသပ်တဲ့ နေရာမှာ မှန်မှန်ကန်ကန် ရောဂါ မရှာနိုင်ခဲ့ဘူးလို့ စပိန်ကျန်းမာရေးနဲ့ လူမှုဖူလုံရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန် ပြောပါတယ်။  စမ်းသပ်ချက် အဖြေမမှန်တာဟာ ဓာတ်ခွဲ နမူနာတွေကို ယူပုံယူနည်း မမှန်ကန်တာ ဒါမှမဟုတ် စမ်းသပ်ကိရိယာကို သုံးစွဲပုံ နည်းလမ်း မမှန်တာကြောင့် ဖြစ်နိုင်တယ်လို့ ရှင်းကျန်း ဘိုင်အိုအီးဇီး ကုမ္ပဏီက ကြေညာချက်ထုတ် တုန့်ပြန် ပါတယ်။ စမ်းသပ်ကိရိယာတွေကို ဘယ်လိုသုံးရမယ်ဆိုတာ သုံးစွဲသူ ဖောက်သည်တွေကို ကောင်းကောင်း လုံလောက်အောင် ထိတွေ့ ရှင်းပြတာ မလုပ်ခဲ့မိဘူးလို့လည်း ပြောပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up