ပြည်ပကပြန်သူများကိုထားသည့် ပုသိမ်တက္ကသိုလ်တွင် ရောဂါကာကွယ်ရေးပစ္စည်းများ လိုအပ်နေ
DVB
·
March 31, 2020
ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ တက္ကသိုလ်အတွင်း ပြည်ပနိုင်ငံတွေက ပြန်လာသူတွေကို ထားရှိတဲ့ နန္ဒဆောင်မှာ စေတနာ့ဝန်ထမ်းတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် COVID-19 ရောဂါကာကွယ်ရေးပစ္စည်းတွေ လိုအပ်နေတယ်လို့ စေတနာ့ဝန်ထမ်းတွေက ပြောပါတယ်။
အဲဒီအဆောင်တွေမှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေ အသုံးပြုဖို့ Mask နဲ့ လက်အိတ်တွေ လိုအပ်နေတာလို့ စေတနာ့ဝန်ထမ်း ကိုကျော်ကျော်မင်းက ဒီဗွီဘီကို ပြောပါတယ်။
"သူတို့ လိုအပ်တာတွေမှာတဲ့အခါ ကျနော်တို့နဲ့ ကျန်းမာရေးဝန်ထမ်းတွေက အဆောင်တွေကို သွားပို့ပေးရတာ၊ ကာကွယ်ရေးအတွက်လိုအပ်တဲ့ပစ္စည်းတွေ အသုံးပြုပြီး ဝင်ရတာပါ၊ ခုတော့ အဓိက လိုအပ်နေတာက Mask နဲ့ လက်အိတ်တွေ လိုအပ်နေတာပါ။"
ပြည်ပနိုင်ငံတွေက ပြန်လာသူတွေကို စောင့်ကြည့်တဲ့ အဆောင်တွေကို ဝင်ရောက်တဲ့အခါ အသုံးပြုဖို့အတွက် ရောဂါကာကွယ်ရေးပစ္စည်းတွေကို ကျန်းမာရေးဦးစီးဌာနကထုတ်ပေးထားပြီး လက်ရှိအချိန်မှာ Mask အနည်းငယ်သာရှိတော့တာကြောင့် အလှူရှင်တွေကိုလည်း လှူဒါန်းပေးဖို့ ဖိတ်ခေါ်တာတွေပြုလုပ်နေပါတယ်။
စောင့်ကြည့်တဲ့အဆောင်တွေက လိုအပ်တာ မှာတာတွေအတွက် ၁ နေ့ကို အနည်းဆုံး ၃ ကြိမ်သွားရောက်ရပြီး Mask အခု ၅၀ ပါ ၁ ဘူးလောက်အသုံးပြုနေရတာကြောင့် လိုအပ်ချက်တွေ ဖြစ်လာပြီး တာဝန်ရှိတဲ့သူတွေကိုလည်း တင်ပြထားတယ်လို့ဆိုပါတယ်။
ပုသိမ်တက္ကသိုလ်အတွင်းက နန္ဒဆောင်မှာ ပြည်ပနိုင်ငံတွေက ပြန်လည်ဝင်ရောက်လာသူ ၁၃ ဦးကို ၁၄ ရက်စောင့်ကြည့်တာတွေပြုလုပ်နေတာပါ။
သူတို့ကို မနက် နေ့ခင်း ညနေ ၁ ကြိမ်စီ ထမင်းပို့ဆောင်ပေးရတဲ့အပြင် မိသားစုဝင်တွေက လာရောက်ပို့ဆောင်ပေးတဲ့ပစ္စည်းတွေနဲ့ လိုအပ်တာတွေကို စေတနာ့ဝန်ထမ်းတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက ရောဂါကာကွယ်ရေးပစ္စည်းတွေအသုံးပြုပြီး သွားရောက်ပို့ဆောင်ပေးနေတာ ဖြစ်ပါတယ်။
မင်းထက်မုန်း (ပုသိမ်)