Homeမြန်မာသတင်း
ထိုင်းကပြန်လာသည့် မြန်မာအလုပ်သမား ၁ ဦး ရွာထဲပေးမဝင်သဖြင့် သစ်ပင်ပေါ်တွင် ၁၄ ရက်နေထိုင်နေ
ထိုင်းကပြန်လာသည့် မြန်မာအလုပ်သမား ၁ ဦး ရွာထဲပေးမဝင်သဖြင့် သစ်ပင်ပေါ်တွင် ၁၄ ရက်နေထိုင်နေ
DVB
·
March 31, 2020
မြန်မာရွှေ့ပြောင်းအလုပ်သမားတဦးဟာ ထိုင်းနိုင်ငံကနေ သူ့ရဲ့ နေရပ် ကရင်ပြည်နယ်ဆီ ပြန်ချိန်မှာ ရွာက COVID-19 ဗိုင်းရပ်စ်အန္တရာယ်ကြောင့် ပေးမဝင်တဲ့အတွက် သစ်ပင်တပင်ပေါ်မှာ ၁၄ ရက်ကြာ သီးခြားစောင့်ကြပ်မှု(self-isolation)လုပ်ပြီး နေထိုင်နေရ ပါတယ်။
အဆိုပါ အမျိုးသားဟာ မဲဆောက်ခရိုင်ထဲမှ ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေး တံတားမှတဆင့် တခြားသော ရွှေ့ပြောင်းလုပ်သားတွေနဲ့အတူ နေရပ်ပြန်ခဲ့တာဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
ဒါပေမယ့် နေရပ်ဖြစ်တဲ့ ဘားအံခရိုင်ထဲက သူ့ရဲ့ ရွာကို ရောက်ချိန်မှာတော့ ရွာသားတွေက ထိုင်းအပါအဝင် နိုင်ငံရပ်ခြားက ပြန်လာသူတွေကို ကိုရိုနာဗိုင်းရပ်စ်သံသယကြောင့် ရွာထဲ ပေးဝင်ခွင့်မပြုပဲ အချိန် ၁၄ ရက်ကြာ စောင့်ကြည့်ကြဖို့ ဆုံးဖြတ်ချိန်မှာ သူက သစ်ပင်တပင်ပေါ်မှာ အိမ်ဆောက်ပြီး သီးခြားနေထိုင်ခဲ့တာ ဖြစ်ပါတယ်။
အစားအစာတွေ၊ ရေတွေကိုတော့ သူ့ရဲ့ ဆွေမျိုးသားချင်းတွေက သစ်ပင်ခြေရင်းမှာ လာရောက်ပို့ဆောင်ပေးထားကြတယ်လို့ ဆိုပါတယ်။
မတ်လ ၂၉ ရက်နေ့မှာတော့ သူဟာ သစ်ပင်ပေါ်မှာ နေထိုင်တာ တပတ်ပြည့် မြောက်ခဲ့ပြီဖြစ်ကာ နောက်ထပ်တပတ်ဆက်လက်နေထိုင်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်းအစိုးရက အရေးပေါ် အခြေအနေထုတ်ပြန်ကြေညာပြီးချိန်မှာ ထိုင်းနိုင်ငံ ရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ သောင်းနဲ့ချီ နေရပ်ပြန်ခဲ့ကြတာ ဖြစ်ပါတယ်။
လတ်တလော မြန်မာနိုင်ငံမှာလည်း COVID-19 ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၁၄ ဦး နဲ့ သေဆုံးသူ ၁ ဦးရှိခဲ့ပြီဖြစ်ကာ သက်ဆိုင်ရာကလည်း ဒါကိုထိန်းချုပ်ကာကွယ်နိုင်ဖို့ လူစုလူဝေးနဲ့ ပွဲ လမ်းသဘင်အခမ်းအနားတွေ ရှောင်ကြဉ်ကြဖို့၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အချိန်နဲ့ တပြေးညီသတင်းထုတ်ပြန်ချက်တွေကို သတိပြုကြဖို့ ထုတ်ပြန်ပေးနေတာ ဖြစ်ပါတယ်။