ပြင်သစ်နိုင်ငံသား ၃ ဦးအပါအဝင် COVID-19 ရောဂါအတည်ပြုလူနာ ၄ ဦး ထပ်မံတွေ့ရှိ
DVB
·
March 30, 2020
မြန်မာနို်ငငံမှာ ပြင်သစ်နိုင်ငံသား ၃ ဦးနဲ့ ထိုင်းနိုင်ငံက ပြန်လာတဲ့ မြန်မာ ၁ ဦး စုစုပေါင်း ၄ ဦးမှာ COVID-19 ရောဂါ စစ်ဆေးတွေ့ရှိရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ မတ်လ ၃၀ ရက် ည ၇ နာရီ ခွဲအချိန်မှာ ထုတ်ပြန်ကြေညာပါတယ်။
COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ (Case-08) ဧည့်လမ်းညွှန်ရဲ့ ရောဂါဖြစ်ပွားမှု ရာဇဝင်စစ်ဆေးချက်အရ သူဧည့်လမ်းညွှန်လုပ်ငန်း ဆောင်ရွက်ခဲ့တဲ့ ပြင်သစ်နိုင်ငံသား ခရီးသွား ဧည့်သည် ၄ ဦးကို ရန်ကုန်မြို့ရှိ ဟိုတယ် တစ်ခုမှာ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှု ဆောင်ရွက်ခဲ့ပြီး ဓာတ်ခွဲနမူနာရယူစစ်ဆေး ဆောင်ရွက်ခဲ့ရာမှာ ၃ ဦးမှာ ရောဂါတွေ့ရပြီး ကျန် ၁ ဦးကတော့ ရောဂါလက္ခဏာတစ်စုံတစ်ရာ မတွေ့ရှိရဘူးလို့ဆိုပါတယ်။
COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့တဲ့ အဆိုပါ ပြင်သစ်နိုင်ငံသား ၃ ဦးကို ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်းကုသမှုခံယူစေမယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
နောက်ထပ် ဓာတ်ခွဲအတည်ပြုလူနာ နံပတ် ၁၄ (Case-14) ကတော့ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်မှာ နေထိုင်တဲ့ အသက် (၂၄) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးဖြစ်ပါတယ်။
အဆိုပါ ပုဂ္ဂိုလ်ဟာ မတ်လ ၂၅ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကာ တာချီလိတ်မြို့မှာ နှစ်ညတာတည်းခိုနေထိုင်ခဲ့ပြီး မတ်လ ၂၇ ရက်ညနေမှာ တာချီလိတ်မြို့မှ မန္တလေးမြို့သို့ လေကြောင်းဖြင့်ရောက်ရှိခဲ့ပြီး အဆိုပါနေ့ ညနေပိုင်းမှာ ကိုယ်ပိုင်ကားနဲ့ မန္တလေးမြို့မှ ကျောက်မဲမြို့သို့ ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၂၈ ရက်မှာတော့ အလွန်အမင်း အန်ခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာတွေ ခံစားရလို့ ကျောက်မဲမြို့ပြည်သူ့ဆေးရုံကိုလာရောက်ပြသခဲ့ပြီး စောင့်ကြည့်လူနာအဖြစ် သီးသန့်ထားရှိ ဆေးကု သမှုခံယူကာ ဓာတ်ခွဲနမူနာကို ပေးပို့စစ်ဆေးခဲ့တာဖြစ်ပါတယ်။ အဆိုပါ လူနာရဲ့ လတ်တလော ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်နေတယ်လို့ သိရပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က မတ်လ ၃၀ ရက်ညနေအထိ ထုတ်ပြန်ထားတဲ့ ဓာတ်ခွဲစစ်ဆေးမှုအဖြေတွေအရ စောင့်ကြည့်လူနာနဲ့ ဆေးရုံမှာ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုနေတဲ့ လူနာ ၅၅ ဦးထဲမှာ ၄ ဦး COVID-19 ရောဂါပိုး တွေ့ရှိပြီး ကျန် ၅၁ ဦးကတော့ ရောဂါပိုး မရှိဘူးလို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။
မနေ့ညကလည်း ထိုင်းနိုင်ငံကနေ ပြန်လာတဲ့ ရန်ကုန် မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ်နေ အသက် ၄၄ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ မင်္ဂလာတောင်ညွန့်က COVID-19 လူနာနဲ့ အနီးကပ်ထိတွေ့ခဲ့တဲ့ အမျိုးသား တဦးတို့မှာ ရောဂါပိုးတွေ့ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ မတ်လ ၃၀ ရက်အထိ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၄ ဦးရှိနေပြီဖြစ်ပါတယ်။