အသက်ရှူစက်များ ထုတ်လုပ်ရန် ဖော်မြူလာဝမ်းပြိုင်ပွဲဝင် ၇ သင်း နည်းပညာကူညီ

Reuters
2.2K
ဗြိတိန် အခြေစိုက် ဖော်မြူလာဝမ်းပြိုင်ပွဲဝင်အသင်း ခုနှစ်သင်းဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံ လူနာတွေအတွက် အသက်ရှူစက်တွေ ထုတ်လုပ်ဖို့ နည်းပညာသုံးကူညီကြမယ်လို့ အစိုးရက မတ်လ ၂၇ ရက်မှာ အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။
'Project Pitlane' လို့ခေါ်တဲ့ ဒီပြိုင်ကားအသင်း ခုနှစ်သင်းမှာ ရက်ဒ်ဘူး၊ မာစီးဒီးစ်၊ ရေးနော့၊ ဝီလီယံစ်၊ မက္ကလာရင်၊ ရေးစင်းပွိုင့်နဲ့ ဟတ်စ်တို့ ပါဝင်ပါတယ်။
ဒီအဖွဲ့တွေက သူတို့သုံးနေတဲ့ နည်းပညာကို အခြေခံပြီး အသက်ရှူကိရိယာတွေ အမြန်ထုတ်လုပ်နိုင်ရေး ကူညီဖို့ ပြင်ဆင်ခဲ့တာ အခုတော့ အောင်မြင်ခဲ့ပါတယ်။
စဉ်ဆက်မပြတ် လေဖိအားပေး အသက်ရှူ အားကူစက်လို့ ခေါ်တဲ့ Continuous Positive Airway Pressure (CPAP) တွေကို အခုတော့ ယူနီဗာစတီ ကောလိပ်လန်ဒန်က အင်ဂျင်နီယာတွေနဲ့ မာစီးဒီး အသင်းက အင်ဂျင်နီယာတွေက ပူးပေါင်းတီထွင်လိုက်နိုင်ပြီလို့ ရိုက်တာ သတင်းဌာနမှာ ဖော်ပြထားပါတယ်။
ဒီစက်တွေက ventilator လို့ခေါ်တဲ့ အသက်ရှူ အားကူစက် မလိုဘဲ လူနာတွေအဆုတ်ထဲကို အောက်ဆီဂျင် ပေးနိုင်ပါတယ်။
ယူကေက ဆေးရုံတွေမှာအရင်က အသက်ရှူ အားကူစက်တွေကို သုံးနေပေမဲ့ မလုံလောက် တာမို့ အခု (CPAP) စက်သစ်တွေ ထုတ်လုပ်ထားသမျှ အခုလေးဆယ်ကို လန်ဒန်ဆေးရုံတွေဆီ မျှဝေထားပါတယ်။ ဒီစက်တွေကို တနေ့ကို အလုံးတထောင် ထုတ်လုပ်နိုင်ဖို့ ပြင်ဆင်ထားကြောင်းလည်း မာစီးဒီးစ် အသင်းဘက်က ပြောကြားထားတယ်လို့ ဘီဘီစီ သတင်းမှာ ဖော်ပြထားပါတယ်။