ရသေ့တောင်မြို့နယ်တွင် မိုင်းနင်းမိ၍ အရပ်သား ၃ ဦးဒဏ်ရာရ
DVB
·
March 30, 2020
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် မညှင်းတောင်ကျေးရွာသားတွေ မတ်လ ၂၉ ရက်နေ့ ညနေပိုင်းမှာ နွားသွားရှာကြစဉ် မိုင်းနှင်းမိပြီး ကျေးရွာသား ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးခင်မောင်လတ်က ပြောပါတယ်။
"မညင်းတောင်မှာက ရွာသူရွာသား အနည်းအငယ်ပြန်လည်လာရောက်နေထိုင်နေကြတယ်။ မနေ့က ညနေပိုင်းမှာ နွားသွားသွင်းဖို့သွားတဲ့အခါ မိုင်းနင်းမိပြီး ဒဏ်ရာရှိခဲ့ကြတာ။"
ဒဏ်ရာရရှိသူတွေထဲက ဒဏ်ရာပြင်းထန်သူ ၂ ဦးကို မနေ့ည ၆ နာရီလောက် ရသေ့တောင်မြို့ကနေ စစ်တွေကို အရေးပေါ် ခေါ်ဆောင်ခဲ့ပေမယ့် တိုက်ပွဲကြောင့် သွားလို့မရဘဲ မနက်မှ သယ်ခွင့်ရတယ်လို့ ကိုဘက္ကာနှင့် ညီကိုများပရဟိတ္တအဖွဲ့မှ ကိုဘက္ကာက ပြောပါတယ်။
"မနေ့ တညလုံး မအိပ်ရသေးဘူး။ ပေါက်တောပြင်မှာ ပစ်ခတ်မှုဖြစ်နေတော့ တပ်က သွားခွင့်မပေးဘူး။ ပစ်တာက လက်နက်ကြီးအလက်ငယ်တွေ စုံနေတာပါဘဲ။ လူနာတွေကိုသာ သွေးလွန်ပြီး မသေပါစေနဲ့လို့ ဆုတောင်းနေခဲ့ရတယ်။ ဒဏ်ရာတွေက တော်တော်ဆိုးပါတယ်" လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(အေအေ)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အရပ်သားသေဆုံးသူ ၁၃၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၃၀၀ ကျော်အထိ ရှိပြီလို့ ရက္ခိုင်ကျောင်းသားများသမဂ္ဂ(တက္ကသိုလ်များ ရန်ကုန်)ရဲ့ စာရင်းအရသိရပါတယ်။
သတင်း - လင်းလက်