တရုတ်နိုင်ငံ ယူနန်ပြည်နယ်က ကျန်းမာရေးအထောက်အကူပြုအဖွဲ့ မြန်မာနိုင်ငံ လာမည်
DVB
·
March 30, 2020
မြန်မာနိုင်ငံမှာ COVID- 19 ရောဂါ အတည်ပြုလူနာ ၁၀ ဦး တွေ့ရှိထားပြီးနောက် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်က ဆေးဘက်ဆိုင်ရာအဖွဲ့တစ်ဖွဲ့ မြန်မာနိုင်ငံကိုလာဖို့ ရှိနေပါတယ်။
လာမယ့် ဧပြီးလဆန်းပိုင်းလောက်မှာ အဲ့ဒီဆေးအဖွဲ့ရောက်လာမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်သန်းထွန်းက ပြောပါတယ်။
အဲ့ဒီ ကျန်းမာရေးအထောက်အကူပြုအဖွဲ့မှာ ကာကွယ်ရေး၊ ကုသရေးနဲ့ ဓာတ်ခွဲပညာရှင် စုစုပေါင်း ၁၂ ယောက်နဲ့ မြန်မာနိုင်ငံမှာ ၁၄ ရက်ကြာ နေထိုင်ကာ COVID-19 နဲ့ပတ်သက်တဲ့ ကုသရေးတွေ လုပ်ဆောင်မှာဖြစ်ပြီး အဲ့ဒီဆေးအဖွဲ့ရောက်လာရင် နောက်ထပ် တစ်ရက်ကို လူနာ အယောက် ၂၀၀ လောက် ဓာတ်ခွဲစစ်ဆေးပေးနိုင်မယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံဆေးအဖွဲ့ဟာ ရန်ကုန်မြို့မှာပဲ အခြေစိုက်ပြီး ကုသစစ်ဆေးတာတွေ လုပ်မှာဖြစ်သလို ဓာတ်ခွဲစစ်ဆေးခန်းနဲ့ ဆေးဝါပစ္စည်းတွေ ပါလာမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနမှာ တစ်ရက်ကိုလူနာ အယောက် ၃၀၀ လောက် စစ်ဆေးပေးနိုင်ပေမယ့် လက်ရှိမှာတော့ စစ်ဆေးမှုနမူနာ ရယူနိုင်မှုအရ တစ်ရက်ကို ပျှမ်းမျှ လူနာ ၈၀ လောက် ဓာတ်ခွဲစစ်ဆေးပေးနေပါတယ်။
မတ်လ ၂၉ ရက်အထိ ဓာတ်ခွဲစစ်ဆေးမှုတွေအရ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ ၁၀ ဦးရှိနေပြီလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
သင်းသင်းဇော်