Home
ဆောင်းပါး
ကပ်ဘေးကို ဆင်းရဲတဲ့နိုင်ငံတွေ ဘယ်လိုရင်ဆိုင်မလဲ
DVB
·
March 30, 2020
ကပ်ဘေးကို ဆင်းရဲတဲ့နိုင်ငံတွေ ဘယ်လိုရင်ဆိုင်မလဲ (ဆောင်းပါးရှင် Yik-Ying Teo သည် စင်ကာပူအမျိုးသားတက္ကသိုလ် (NUS) ပြည်သူ့ကျန်းမာရေးကျောင်း၏ ပါမောက္ခချုပ် ကျောင်းအုပ်ကြီးဖြစ်ပြီး စင်ကာပူရှိ အမျိုးသား ကျန်းမာရေးစနစ်တက္ကသိုလ် NUHS ၏ ကျန်းမာရေး ဝန်ဆောင်မှုနှင့် မူဝါဒသုတေသန ဌာနကို ထူထောင်သူ ဖြစ်ပါသည်။) ဘယ်လောက်ကောင်းတဲ့ ကျန်းမာရေး စနစ်ပဲ ဖြစ်ဖြစ် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ လူတွေထောင်သောင်းချီကို ကုသပေးဖို့ ဆိုတာ မဖြစ်နို်ုင်ပါဘူး။ ဒီလို အဖြစ်မျိုး ကိုဗစ် ၁၉ ကပ်ဘေးမှာ မျက်မြင်ကိုယ်တွေ့ ကြုံနေကြရပါတယ်။ လူ ၇ ယောက် ရောဂါ ကူးစက်ရင် လူနာ ၁ ယောက်က ဆေးရုံ တင်ဖို့ လိုအပ်ပါတယ်။ လူနာ၂၀ တိုင်းမှာ ၁ ယောက်ဟာ အသက်ရူဖို့ စက်အကူ လိုအပ်ပါတယ်။ ကျန်းမာရေး စနစ်တွေ မနိုင်မနင်းနဲ့ ပြိုကျဖို့ အကြောင်းပါပဲ။ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ကောင်းမွန်သွက်လက်တဲ့ကျန်းမာရေးစနစ်တွေတောင် ကိုဗစ် ၁၉ ဒဏ်ကို အလူးအလဲ ခံနေရတယ်ဆိုရင် ဆင်းရဲတဲ့ နိုင်ငံတွေအတွက်ကတော့ အထူးပြောစရာ မလိုတော့ပါဘူး။ ဆင်းရဲတဲ့ နိုင်ငံတွေဟာ နည်းပညာလည်း နုံချာရှာကြပါတယ်။ သင်တန်းတွေလည်း ကောင်းကောင်းမရထားကြပါဘူး။ လူတွေရဲ့အသက်ကို ကယ်ဖို့ နည်းလမ်းတွေ အရင်းအမြစ်တွေလည်း နည်းပါတယ်။ လူနာတွေကို သင့်တော်ရာမှာနေရာချဖို့၊ ကူးစက်မှုကို ထိန်းချုပ်ဖို့၊ သေနှုန်းကို အနည်းဆုံးဖြစ်အောင် လျှော့ချဖို့ မတတ်နိုင်ကြပါဘူး။ ဒီနိုင်ငံတွေမှာ ကူးစက်ရောဂါ ပြန့်ပွားခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာ ပညာရပ်မှာ အားနည်းပါတယ်။ ဥပမာ ရောဂါပိုးရှိသူနဲ့ အနီးကပ် ဆက်ဆံခဲ့သူတွေကို နောက်ကြောင်းခြေရာခံတာ၊ ရှေ့တန်းမှာ ရှိနေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေအတွက် အကာအကွယ် ဝတ်စုံ (ပီပီအီး) တွေ အလုံအလောက် စဉ်ဆက်မပြတ် ရရှိဖို့ ဆောင်ရွက်ပေးရတဲ့ကိစ္စမျိုးတွေမှာပါ။ အာဏာရှင်နိုင်ငံတွေမှာ (ဆင်းရဲတဲ့ နိုင်ငံတွေ တော်တော်များများ) တင်းကြပ်တဲ့ နည်းလမ်းတွေကို သုံးပြီး လူစုလူဝေးတွေ မဖြစ်အောင် တားဆီးနိုင်ကြပါလိမ့်မယ်။ ဒါပေမ့ယ် ဒီလို လုပ်ခြင်းအားဖြင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ ဒုက္ခတွေကနေ သက်သာအောင်တော့အစိုးတွေက လုပ်ပေးနိုင်ဖို့ မလွယ်ပါဘူး။ အထူးသဖြင့် လူမှုစီးပွားရေး အခြေအနေ မကောင်းကြတဲ့အုပ်စုတွေအတွက် ဆိုလိုတာပါ။ ဒီလိုဆိုရင် ဆင်းရဲတဲ့ နိုင်ငံတွေ ကျန်းမာရေး စနစ်အားနည်းတဲ့ နိုင်ငံတွေအနေနဲ့ ကိုဗစ် ၁၉ ကို ဘယ်လိုရင်ဆိုင်မလဲ။ နယ်စပ်ဝင်ပေါက်တွေကို ပိတ်လိုက်တာဟာ အပြင်ကနေ ရောဂါဝင်ရောက်တာကို လျှော့ချနိုင်ပါတယ်။ ပြည်တွင်း ကျန်းမာရေးစနစ်နဲ့ ကျန်းမာရေး ဝန်ထမ်းတွေရဲ့ အင်အားကိုပြင်ဆင်ချိန် ပိုရပါတယ်။ ဒါပေမယ့် အခြေခံကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေအတွက် အပြင်က အကူအညီတွေ မှီခိုနေရတဲ့ နိုင်ငံတွေ၊ ဆေးဝါးကအစ နိုင်ငံခြားကို မှီခိုနေရတဲ့ နိုင်ငံတွေအတွက် လုံးဝပိတ်ချလိုက်ရင်တော့ လူသားဆိုင်ရာ နောက်ကပ်ဘေးကြီး တခုကို ဦးတည်သွားနိုင်ပါတယ်။ ဒါ့အပြင် ကိုဗစ် ၁၉ ဗိုင်းရပ်စ်ဟာ ရောဂါလက္ခဏာ ပေါ်ခါစ ရက်တွေမှာ အလျင်အမြန် ကူးစက်တတ်ပါတယ်။ ဒီလို အချိန်မျိုးမှာရောဂါကလည်း မပြင်းထန်သေးပါဘူး။ ဒါပေမယ့် ဆင်းရဲတဲ့ နိုင်ငံအတော်များများမှာ အနာနဲ့ ဆေးတွေ့တဲ့ အချိန်ဟာ နောက်ကျပါတယ်။ တော်တော်များများဟာ မိသားစုအတွက် ပိုက်ဆံ ရှာနေရတာနဲ့ ရောဂါအခြေအနေ ဆိုးမှပဲ ဆေးရုံ၊ ဆေးခန်းကို ရောက်ကြတာ များပါတယ်။ ဒီလို မဖြစ်ဖို့ဆိုရင် အစိုးရတွေနဲ့ ရပ်မိရပ်ဖ၊ ရပ်ရွာ ခေါင်းဆောင်တွေဟာ ကျန်းမာရေး ပညာပေးတွေကို များများပေးဖို့ လိုပါတယ်။ ဆင်းရဲသားတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု ရန်ပုံငွေ လိုမျိုး တည်ထောင်ထားဖို့ လိုပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ အပြောထက် အလုပ်က ပိုခက်ပါတယ်။ ဆင်းရဲတဲ့ နိုင်ငံတွေနဲ့ ဝင်ငွေ အလယ်အလတ်တန်းစား နိုင်ငံတွေဟာ အခြေခံ ကျန်းမာရေးအတွက် ကျေးလက် ကျန်းမာရေးလုပ်သားတွေအပေါ်မှာ အားထားနေရတုန်းပါပဲ။ အထူးသဖြင့် ကျေးလက်ဒေသတွေမှာ ဒီလို ပြည်သူထဲက ကျန်းမာရေးလုပ်သားတွေဟာ ကူးစက်ရောဂါ ဖြစ်လာရင် အလွန်အန္တရာယ်များပါတယ်။ သူတို့ဆီမှာ အကာအကွယ် ဝတ်စုံ (ပီပီအီး) မရှိကြရင် ပိုဆိုးပါတယ်။ တော်တော်များများက ကိုဗစ် ၁၉ ရောဂါ လက္ခဏာလား၊ ရိုးရိုးတုပ်ကွေးလား ဆိုတာကို နားလည်နိုင်စွမ်းမရှိကြပါဘူး။ ဒါကြောင့် ရှေ့တန်းက ကျန်းမာရေး လုပ်သားတွေကို သေချ သင်တန်းပေးဖို့ လိုသလို အကာအကွယ် ဝတ်စုံ (ပီပီအီ) တွေကို စနစ်တကျ အသုံးပြုနိုင်မှပဲ ရောဂါကူးစက်ခံရနိုင်တဲ့ဘေးကို လျှော့ချနိုင်ပါလိမ့်မယ်။ အရေးပေါ်လူနာကို ဘယ်လိုကိုင်တွယ်ရမလဲ၊ သံသယလူနာကို ဘယ်လို သီးခြား ထားရမလဲဆိုတာကို သေချာနားလည်ဖို့ လိုပါတယ်။ ဒါအပြင် ဆင်းရဲတဲ့နိုင်ငံတွေ၊ ဝင်ငွေ အလယ်အလတ် နိုင်ငံတွေရှိတဲ့ မြို့နယ်သို့မဟုတ် တိုင်းအဆင့်ရှိတဲ့ ဆေးရုံကြီးတွေမှာ အရေးပေါ် လူနာတွေကို ကုသရေးအတွက် အထူးအစီအမံတွေ လိုအပ်ပါတယ်။ ဒီအတွက် ကျန်းမာရေး ဝန်ထမ်း သုံးယောက်ကနေ ငါးယောက်အထိ ပါတဲ့ အဖွဲ့တွေကို ဖွဲ့ထားပြီး အချိန်ပြည့် ကြီးကြပ်မှုနဲ့ ညှိနှိုင်း ဆောင်ရွက်မှုတွေ လိုအပ်ပါတယ်။ ရောဂါရှာဖွေရေးမှာ သံသယ လူနာဆီက ဓာတ်ခွဲနမူနာတွေကို စစ်ဆေးဖို့ ဓာတ်ခွဲခန်းကောင်းကောင်း လိုအပ်တယ်။ ဒါပေမယ့် ဆင်းရဲတဲ့ နိုင်ငံတွေမှာ မျိုးဗီဇနည်းပညာနဲ့ ဓာတ်ခွဲခန်းပညာရှင် မရှိတာကြောင့် နိုင်ငံတကာ မိတ်ဆွေတွေဆီက အကူအညီကို ယူပြီး ဟာကွက်ကို ဖြည့်ကြရပါတယ်။ ဓာတ်ခွဲခန်းအဖြေက မတိကျဘူးဆိုရင် လူနာနဲ့ အနီးကပ် ထိတွေ့ဆက်ဆံခဲ့တဲ့ လူတွေကိုခြေရာပြန်ခံဖို့၊ အဆင့်ဆင့်ကူးစက်ခံထားရသူကို ရှာဖွေဖို့ဆိုတာ ရှုပ်ထွေးမှုတွေ ဖြစ်စေပါလိမ့်မယ်။ ဒီလို ပျောက်နေတဲ့ ကွင်းဆက်ကို ခြေရာခံဖို့ ဆိုရာမှာလည်း စနစ်တကျ လေ့ကျင့်ပေးထားပြီး လူနာကို အတွင်းကျကျ အင်တာဗျူး မေးတတ်တဲ့ လူလိုပါတယ်။ ဆင်းရဲတဲ့ နိုင်ငံတွေမှာ လူနာအရေအတွက် နည်းနေတာဟာ ဗိုင်းရပ်စ်ပိုးက မရောက်သေးလို့ မဟုတ်ဘဲ စနစ်ကျမှုတွေ အားနည်း၊၊ စမ်းသပ်မှုတွေနဲ့ ခြေရာခံတာတွေမှာ အားနည်းတာကြောင့် ဖြစ်မှာကို စိုးရိမ်နေကြပါ။ ဒါကြောင့် ဆင်းရဲတဲ့ နိုင်ငံတွေနဲ့ ဝင်ငွေ အလယ်အလတ် နိုင်ငံတွေမှာ ကိုဗစ် ၁၉ ကို ရင်ဆိုင်တဲ့နေရာမှာ အားနည်းချက်တွေ၊ ဟာကွက်တွေက ဘာလဲဆိုတာကို သိဖို့ လိုပါတယ်။ ကျွမ်းကျင်ဆရာဝန်တွေနဲ့ ကူးစက်ရောဂါကျွမ်းကျင်ပညာရှင်တွေ၊ ဆေးရုံ ဆေးခန်းတွေ၊ ဆေးပစ္စည်း ထောက်ပံ့မှု စနစ် စသဖြင့် ဘာတွေမှာ အားနည်းနေသလဲ ဆိုတာကို သေချာသိဖို့ လိုပါတယ်။ ဒီကွက်လပ်ကို သိမှပဲ အစိုးရတွေအနေနဲ့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့နဲ့ တခြားအကူအညီပေးနိုင်တဲ့ အဖွဲ့အစည်းတွေဆီကနေ အကူအညီနဲ့ အကြံဉာဏ်တွေကို မှန်မှန်ကန်ကန် တောင်းခံနိုင်မှာ ဖြစ်ပါတယ်။ ဒီကပ်ဘေးမှာတော့ တရုတ်နိုင်ငံဟာ ဆေးပစ္စည်းတွေရော၊ နည်းပညာရော ရှေ့ဆုံးကနေ အကူအညီတွေ ပေးနေပါတယ်။ ကိုဗစ် ၁၉ ဟာ ကမ္ဘာ့မှာ မျိုးဆက်နဲ့ချီ မကြုံခဲ့ဖူးတဲ့ ကမ္ဘာ့လုံးဆိုင်ရာကပ်ဘေး ဖြစ်ပါတယ်။ မူဝါဒချမှတ်သူတွေအနေနဲ့ တနိုင်ငံတည်း ထီးထီးကြီး ရင်ဆိုင်တာမျိုး မလုပ်ဘဲ တကမ္ဘာ့လုံးနဲ့ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ အထူးသဖြင့် နည်းပညာ ကျွမ်းကျင်မှုနဲ့ အရင်းအမြစ်တွေကို အကျိုးတူ ဖြစ်အောင် စီမံဆောင်ရွက်တတ်ဖို့ လိုပါတယ်။ သံချိန်းကြိုးတခုမှာ ကွင်းဆက်တခုက မခိုင်ခံ့ရင် ခိုင်မာတဲ့ သံချိန်းကြိုး မဖြစ်နိုင်ပါဘူး။ ဒီသဘောမျိုးပါပဲ။ ကိုဗစ် ၁၉ နဲ့ ရင်ဆိုင်တဲ့အခါ နိုင်ငံတနိုင်ငံက မအောင်မြင်တာဟာ တခြား နိုင်ငံတွေအတွက် အန္တရာယ် ဖြစ်နေဦးမှာပါပဲ။ ဒါကြောင့် ကျန်းမာရေး စနစ်အားကောင်းတဲ့ နိုင်ငံတွေကလည်း အားနည်းတဲ့ နိုင်ငံတွေကို အရေးပေါ် အကူအညီတွေ ပေးဖို့ လိုအပ်ပါတယ်။ ဆင်းရဲတဲ့နိုင်ငံတွေကလည်း ဒီ အကူအညီတွေကို လက်ခံဖို့ အဆင်သင့် ဖြစ်နေဖို့ လိုပါတယ်။ ဒါမှပဲ ကမ္ဘာ့လုံးဆိုင်ရာ ကပ်ဘေးနဲ့ ရင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ (The COVID-19 Weakest Links ဆောင်းပါးကို ဘာသာပြန်ပါသည်။) နေသွင်ညိဏ်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024