ထိုင်း အကျဉ်းထောင်တခုတွင် အဓိကရုဏ်းဖြစ်
DVB
·
March 30, 2020
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ဘူရိရမ်ခရိုင်ထဲက ထောင်ထဲမှာ မတ်လ ၂၉ ရက်က အဓိကရုဏ်းဖြစ်ခဲ့ပြီး ထောင်ထဲကနေ မီးခိုးတွေ ထွက်လာတယ်လို့ အေပီသတင်းဌာနမှာ ဖော်ပြထားပါတယ်။
ထောင်ထဲမှာ မတ် ၂၉ ရက်နေ့က သေနတ်နဲ့ ပစ်ခတ်မှု ဖြစ်ခဲ့တယ် ခရိုင်ဒုအုပ်ချုပ်ရေးမှူးက မီဒီယာကို အတည်ပြုပါတယ်။
ထောင်သား အယောက် ၁၀၀ ကျော် ဆန္ဒပြခဲ့ကြတာကြောင့် ထောင်အရာရှိတွေက အင်အား သုံးခဲ့ရတယ်လို့ အကျင့်စာရိတ္တ ပြုပြင်ရေးဌာန ညွှန်ချုပ် နာရတ် ဆာဝတ်တနန်က ပြောပါတယ်။
အဓိကရုဏ်းဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပြီး လူငါးယောက် ဒဏ်ရာရထားတယ်လို့ ထိုင်းမီဒီယာတွေက ပြောပေမယ့် သေဆုံးမှုရှိ မရှိကိုတော့ တရားဝင် ထုတ်ပြန်ကြေညာတာမရှိ သေးပါဘူး။
ထောင်ထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါ ကူးစက်မှာကို စိုးရိမ်ပြီး အဓိကရုဏ်း စဖြစ်တာလို့ မထိချုံ ထိုင်းသတင်းစာရဲ့ အင်တာနက် စာမျက်နှာက ဆိုပါတယ်။
ထောင်ထဲက ထောင်သား ၂ ယောက် ဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ ပြည်သူ့ ကျန်းမာရေးဝန်ကြီးဌာနက မတ် ၂၈ ရက်နေ့မှာ ပြောကြားထားပါတယ်။
တနိုင်ငံလုံးက ထောင်တွေမှာတော့ ထောင်ဝင်စာ ၂ ပတ် ပိတ်ဖို့နဲ့ ဧည့်တွေ့မလာဖို့ မတ်လ ၁၈ ရက်က စပြီး တားမြစ်ထားပါတယ်။