ကျန်းမာရေး ထောက်ခံချက်မပါသည့် ပြည်ပက ဝင်လာသူ ၅၆ ဦးကို ပြန်လွှတ်
DVB
·
March 30, 2020
ပြည်ပနိုင်ငံတွေကနေ ပြန်လာပြီး ကျန်းမာရေးထောက်ခံချက် အချက်အလက်အပြည့်အစုံ မပါဝင်တဲ့ ခရီးသွား ၅၆ ဦးကို စီးနင်းလိုက်ပါလာတဲ့ လေယာဉ်နဲ့အတူ မိခင်နိုင်ငံတွေကို ပြန်လွှတ်လိုက်တယ်လို့ ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်က ပြောပါတယ်။
အဲဒီအထဲမှာ မတ် ၂၈ ရက်နေ့က ရောက်ရှိလာတဲ့ လေယာဉ်မှာ စီးနင်းလိုက်ပါလာတဲ့ လူ ၁၂ ဦးနဲ့ မတ် ၂၉ ရက်နေ့မှာ ရောက်ရှိတဲ့ လေယာဉ်မှာ စီးနင်းလိုက်ပါလာတဲ့လူ ၄၄ ဦး ပါဝင်ပါတယ်။
ပြန်လွှတ်လိုက်တဲ့သူတွေထဲမှာ အများစုကတော့ နိုင်ငံခြားသားတွေ ဖြစ်ပါတယ်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပြည်ပနိုင်ငံက ဝင်ရောက်လာသူတွေကို ၇၂ နာရီအတွင်း စစ်ဆေးထားတဲ့ ကျန်းမာရေးထောက်ခံချက်ပါမှ မြန်မာနိုင်ငံက လက်ခံတာဖြစ်ပြီး ထောက်ခံချက်မှန်ကန်မှု ရှိ၊ မရှိ လေဆိပ်ဝင်ပေါက်တွေမှာ တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ကမ္ဘာနိုင်ငံအသီးသီးကနေ မြန်မာနိုင်ငံကို လာရောက်မယ့်နိုင်ငံခြားသားတွေ ကို မည်သည့်ပြည်ဝင်ဗီဇာအမျိုးအစားမဆို ထုတ်ပေးတာကို ယာယီရပ်ဆိုင်းထားပါတယ်။