ကျုံပျော်အဓိကရုဏ်းဖြစ်စဉ်တွင် လူသေဆုံးခဲ့မှု ရဲတပ်ဖွဲ့ဝင်များကို စုံခုံဖွဲ့စစ်ဆေး
DVB
·
March 30, 2020
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်မှာ မတ်လ ၂၅ ရက်က အသုဘချစဉ် လမ်းပိတ်ဆို့ရာက ရဲတပ်ဖွဲ့နဲ့ ဒေသခံတွေအကြား အဓိကရုဏ်းဖြစ်ပွားပြီး အမျိုးသား တဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်မှာပါဝင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို စုံစမ်းစစ်ဆေးနေတယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူကပြောပါတယ်။
"ပစ်ခတ်မှုက ဥပဒေနဲ့ညီညွတ်မှုရှိမရှိ ဖြစ်စဉ်အမှန်ကိုသိရဖို့ စုံစမ်းစစ်ဆေးမှုပြုလုပ်နေပါတယ်။ ဒီဖြစ်စဉ်မှာ ပါဝင်တဲ့သူတွေဝင်တွေအားလုံးက စစ်ဆေးနေ တာပါ" လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဒုရဲမှူးကြီး ထွန်းရွှေက ဒီဗွီဘီကိုပြောပါတယ်။
ကျုံပျော်မြို့နယ်၊ ဇင်ပြွန်းကုန်းကျေးရွာမှာ မတ်လ ၂၅ ရက်က အသက် ၈၀ နှစ်အရွယ် ဒေါ်အပျော့(ခ)ဒေါ်ခင်လှိုင်ရဲ့ အလောင်းကို သုသာန်ကိုပို့ဆောင်စဉ် ရဲတပ်ဖွဲ့ဝင်နဲ့ ဒေသခံအကြား အဓိကရုဏ်းဖြစ်ပွားစဉ် ဒေသခံတွေကတုတ်ခဲတွေနဲ့ ပစ်ခဲ့ပြီး ရဲတပ်ဖွဲ့က သေနတ်နဲ့ ပြန်ပစ်ချိန်မှာ အသက် ၂၆ နှစ်အရွယ် ကိုသိန်းထွန်းအောင် သေနတ်ထိမှန်သေဆုံးခဲ့တာပါ။
အဓိကရုဏ်းဖြစ်စဉ်မှာ အသက် ၅၇ နှစ်ဝါရှိ ဗောဓိမဏ္ဍိုင် ဘုန်းတော်ကြီးနဲ့ အမျိုးသား ၃ ဦး သေနတ်ထိမှန်တာတွေရှိခဲ့သလို ရဲတပ်ဖွဲ့ဝင်တွေလည်း ထိခိုက်ပေါက်ပြဲဒဏ်ရာတွေရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေနတ်ထိမှန်သေဆုံးခဲ့တဲ့ ကိုသိန်းထွန်းအောင်ရဲ့ ဈာပနကို မတ်လ ၂၇ ရက်နေ့က ရဲတပ်ဖွဲ့ရဲ့ အစောင့်အရှောက်နဲ့ မီးသင်္ဂြိုဟ်ခဲ့ပြီး နာရေးအစအဆုံးကို ရဲတပ်ဖွဲ့က အစစအရာရာပြည့်စုံအောင် ဆောင်ရွက်ပေးခဲ့တယ်လို့ သေဆုံးသူရဲ့ အစ်မဖြစ်သူ မမြင့်သန်းကြည်က ပြောပါတယ်။
ဇင်ပြွန်းကုန်းကျေးရွာမှာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၈ ရက်ကလည်း အခုလိုဖြစ်စဉ်မျိုးဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က အလောင်းကိုယူချ ပေးခဲ့တာကြောင့် ခုဖြစ်စဉ်လိုမျိုး လူသေဆုံးခဲ့တာမရှိပါဘူး။
အဆိုပါကျေးရွာမှာ နာရေးရှိတိုင်း အခုလိုဖြစ်စဉ်မျိုးတွေ ရှိနေတာကြောင့် ကျေးရွာရှိ အများပြည်သူနဲ့သက်ဆိုင်တဲ့ လမ်းတွေကို နာရေးအပါအဝင် အခြားမည့်သည်ကိစ္စအတွက်မဆို အသုံးပြုနိုင်ကြောင်း ကျုံပျော်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက အမိန့်ထုတ်ပြန်ထားပါတယ်။
မင်းထက်မုန်း (ပုသိမ်)