Home
မြန်မာသတင်း
မန္တလေးတွင် ကြက်ဥနှင့် ကြက်သားကို ကန့်သတ်ဧရိယာများသို့ သွားပို့သည့်စနစ်ဖြင့် ရောင်းပေးမည်
DVB
·
March 30, 2020
မန္တလေးမှာ ကြက်ဥနဲ့ ကြက်သားဈေးနှုန်းတွေကို ပုံမှန်ဈေးနှုန်း အတိုင်းရောင်းချနိုင်ပေးနိုင်ဖို့နဲ့ ကန့်သတ်ထားတဲ့ ဧရိယာတွေ၊ ကန့်သတ်တော့မယ့် ဧရိယာတွေကို သွားရောက် ပို့ဆောင်ပေးမယ့် စနစ်နဲ့ ရောင်းချပေးဖို့ စီစဉ်ထားတယ်လို့ မန္တလေးတိုင်းဒေသကြီး ကြက်ဥ ကြက်သား မွေးမြူထုတ်လုပ်ရောင်းချသူများအသင်းက ပြောပါတယ်။ ကန့်သတ်ဧရိယာတွေကို သွားရောက်ပို့ဆောင်ပေးဖို့ကိုတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ပူးပေါင်းပြီး အရောက်ပို့ပေးသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ မြို့တွင်းအခြားနေရာတွေကိုတော့ လတ်တလောမှာ ပို့ဆောင်ပေးတာ မရှိသေးဘူးလို့ ဆိုပါတယ်။ မန္တလေးတိုင်း ကြက်ဥ ကြက်သား မွေးမြူထုတ်လုပ်ရောင်းချသူများအသင်းရဲ့ ဥက္ကဋ္ဌ ဦးနေသူရိန်က “လက်ရှိမှာတော့ လိုက်ပို့ပေးတဲ့စနစ် မရှိသေးပါဘူးခင်ဗျ၊ လာရောက်ဝယ်ယူလို့ ရသလို တမြို့လုံးမှာလည်း လက်လီရောင်းတဲ့ အိမ်ဆိုင်လေးတွေ ရှိပါတယ်။ သူ့ရဲ့ပုံစံကတော့ ပြည့်တော့ပြည့်စုံပြီးသားပါ။ ကြက်သားကတော့ ကျနော်တို့ ညှိနှိုင်းထားတဲ့ ဈေးနှုန်းတခုကတော့ ၄၂၀၀ ပေါ့၊ ၄၂၀၀ ဆိုရင်တော့ လိုက်ပို့ပေးမှာပါ။ ၁ ပိဿာလောက်ကတော့ ကျနော်တို့ လိုက်မပို့နိုင်ဘူးပေါ့၊ အနည်းဆုံး ၅ ပိဿာလောက်ဆိုရင်တော့ ကျနော်တို့ လိုက်ပို့ပေးမှာပါ” လို့ ပြောပါတယ်။ အောက်ခြေလူတန်းစားတွေအတွက် သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ၀ယ်ယူစားသုံးနိုင်ဖို့အတွက် စီစဉ်ထားပြီး လက်လီဈေးနှုန်းတွေကိုလည်း အခုဈေးနှုန်းအတိုင်း ထောက်ပံ့ပေးနိုင်ဖို့ ကြိုးစားသွားမယ်လို့ ဆိုပါတယ်။ ဦးနေသူရိန်က “အောက်ခြေလူတန်းစားအပိုင်းကျတော့ ဈေးသက်သာဖို့ လိုတယ်လေ၊ အဲဒီထဲမှာ ကြက်ဥ ကြက်သားကတော့ အသားဓာတ်ထဲမှာတော့ ဈေးနှုန်းအချိုဆုံးပစ္စည်းပေါ့၊ ဒါတွေကိုတော့ မပျက်အောင် ဈေးတွေ ပိတ်သွားတယ် အသွားအလာတွေ ရပ်သွားတယ်ဆိုရင်လည်း ပူးပေါင်းပြီးတော့ ကျနော်တို့ ဆောင်ရွက်မှာပေါ့။ ဈေးနှုန်း ပုံမှန်အတိုင်း ဖြစ်အောင်လို့၊ လက်ကားဈေးဆိုရင်လည်း လက်လီဈေးနားလောက်ရောက်အောင် ကျနော်တို့ ကြိုးစားနေကြတယ်။ အများဆုံး တလုံးကို ၁၀၀ လောက်ရောက်အောင် ထောက်ပံ့ပေးနိုင်အောင်လို့ ဈေးနှုန်းကိုလည်း ကြိုးစားနေပါတယ်”လို့ ပြောပါတယ်။ မန္တလေးတိုင်းအတွင်းမှာတော့ ကြက်ဥနဲ့ ကြက်သား လုံလောက်အောင် ရှိနေတယ်လို့ ဆိုပါတယ်။ မွေးမြူရေးအဖွဲ့ချုပ်အနေနဲ့လည်း ကြက်မွေးမြူရေးသမားတွေနဲ့ ပူးပေါင်းပြီးတော့ သင့်တင့်တဲ့ ဈေးနှုန်းအတိုင်း ရောင်းချပေးနိုင်အောင် ညှိနှိုင်းဆောင်ရွက်ထားတယ်လို့သိရပါတယ်။ မန္တလေးမြို့မှာ ကြက်ဥနဲ့ ကြက်သားကို ပုံမှန်ဈေးနှုန်းအတိုင်း ၀ယ်ယူနိုင်တဲ့ ဆိုင်တွေကတော့ နေသူရိန်၊ ကြည်ပြာ၊ စမ်းရေ၊ CP၊ Egg Mandalay ဆိုင်တွေဖြစ်တယ်လို့ သိရပါတယ်။ သတင်း- ထိန်ထိန်လင်း၊ ဓာတ်ပုံ-ဦးနေသူရိန်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024