ဝက်လက်မြို့နယ်၌ COVID-19 ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်ကို လိုက်နာမှုအားနည်း
DVB
·
March 30, 2020
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့မှာ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနဲ့ ပတ်သက်တဲ့ ညွှန်ကြားချက်တွေကို ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေ လိုက်နာမှု အားနည်းတယ်လို့ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီက ပြောကြားလိုက်ပါတယ်။
COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနဲ့ပတ်သက်ပြီး မတ်လ ၂၀ ရက်နေ့ကစပြီး ကော်မတီဖွဲ့စည်းကာ အထူးကြပ်မတ်ဆောင်ရွက်နေတာပါ။
ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ ပြည်သူလူထုကိုလည်း နိုင်ငံရပ်ခြားနဲ့ နယ်စပ်ဒေသက ပြန်ရောက်လာသူတွေရှိရင် အချိန်နဲ့တပြေးညီ သတင်းပို့ကြဖို့၊ ရပ်ရွာအတွင်း အသွားအလာ ကန့်သတ်ထားတဲ့ Community quarantine နေရာတွေကိုလည်း ကျေးရွာလူထုနဲ့ ညှိနှိုင်းပြီး သတ်မှတ်ကြဖို့ ထုတ်ပြန်ထားခဲ့ပြီးလည်း ဖြစ်ပါတယ်။
ဝက်လက်မြို့နယ် COVID-19 ကော်မတီ ပြန်ကြားရေးတာဝန်ခံ ဦးစိုးဝင်းထွန်းက “ကျနော်တို့ ကော်မတီဆုံးဖြတ်ချက်နဲ့ ရပ်/ကျေးအုပ်ကြီးတွေဆီ ညွှန်ကြားချက်တွေ ပို့ထားပြီးပြီ။ ဒါပေမဲ့ အုပ်ချုပ်ရေးမှူး တော်တော်များများက လိုက်နာမှု အားနည်းတယ်။ သတင်းပို့ဖို့ ပျက်ကွက်ကြသလို၊ သူတို့ဆန္ဒအလျောက် ပြည်ပပြန် quarantine ခံယူထားသူတွေအပေါ်လည်း ဂရုမစိုက်ကြဘူး” လို့ ပြောပါတယ်။
လတ်တလော တရားဝင်စာရင်းအရ ကျေးရွာပေါင်း ၃၀ ကျော်သာ ပြည်ပ/နယ်စပ် ပြန်ရောက်လူစာရင်းတွေ ပေးပို့ထားပြီး စာရင်းမပေးသေးတဲ့ရွာတွေ ကျန်နေသေးတယ်လို့ သိရပါတယ်။
“မတ်လ ၂၄ ရက်နေ့ ဒေသန္တရအမိန့် ထုတ်ပြန်ပြီးနောက်ပိုင်း စည်းကမ်းဖောက်ဖျက်သူတွေနဲ့ ညွှန်ကြားချက် မလိုက်နာသူတွေကို တရားစွဲဆိုသွားမှာပါ” လို့ ဦးစိုးဝင်းထွန်းက ပြောပါတယ်။
မြို့နယ်အဆင့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီရဲ့ မတ်လ ၂၉ ရက် ထုတ်ပြန်ချက်အရ ဝက်လက်မြို့နယ်ထဲမှာ ပြည်ပနိုင်ငံတွေနဲ့ နယ်စပ်ဒေသက ပြန်လည်ရောက်ရှိလာသူ ၂၃၃ ဦး ရှိပြီး၊ နေအိမ်မှာ အသွားအလာကန့်သတ်ထားတဲ့ Home Quarantine ၁၃၅ ဦးနဲ့ သီးသန့်နေရာမှာ စောင့်ကြပ်ကန့်သတ်ထားတဲ့ Community Base Facility Quarantine ၉၈ ဦး ရှိတယ်လို့ သိရပါတယ်။။
အောင်စံလင်း