အလုပ်လက်မဲ့ ထောင်သောင်းချီ နေရပ်ပြန်ရန် နယူးဒေလီ အဝေးပြေးဂိတ်တွင် စုပြုံရောက်ရှိ

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ဖို့ တနိုင်ငံလုံး အသွားအလာ ပိတ်လိုက်တဲ့အတွက် အလုပ်လက်မဲ့ဖြစ်ပြီး နေစရာမရှိတဲ့ အလုပ်သမား ထောင်သောင်းချီဟာ နေရပ်ပြန်ဖို့ နယူးဒေလီမြို့တော်က အဝေးပြေးကားဂိတ်ကို မတ် ၂၉ ရက်က ရောက်ရှိလာကြပါတယ်။ လူအုပ်ကြီးဟာ မပိတ်သေးတဲ့ ကားလိုင်းတွေမှာ လိုက်ပါခွင့်ရဖို့ မျှော်လင့်ထားကြီး တချို့ကတော့ ခြေလျင် အိမ်ပြန်နေကြတယ်လို့ သိရပါတယ်။ “ကျနော်တို့က နေ့စားလုပ်သားတွေပါ။ အခုအလုပ်တွေ ပိတ်ကုန်တော့ စားစရာအတွက်တောင် ငွေမရှိဘူး၊ အိတ်ထဲမှာ ရူပီး ၁၀၀၊ ၂၀၀ လောက်ပဲ ပါတယ်။ ရွာပြန်ဖို့ ပြဿနာပဲ” လို့ ရွှေ့ပြောင်းလုပ်သားတယောက်က ပြောပါတယ်။ ဝန်ကြီးချုပ် နရင်ဒြာမိုဒီကတော့ လူဦးရေ ၁ ဒသမ ၃ ဘီလီယံရှိတဲ့ သူ့နိုင်ငံသားတွေ အိမ်ထဲမှာ သီတင်းပတ် ၃ ပတ် နေဖို့ ပြောကြားထားပါတယ်။  ကမ္ဘာ့ရောဂါကပ်ဘေးအတွင်း ငွေသားတိုက်ရိုက် လွှဲပြောင်းပေးဖို့နဲ့ စားနပ်ရိက္ခာ လုံခြုံ ဖူလုံရေး ပံ့ပိုးမယ့် စီမံချက်ကိုလည်း အိန္ဒိယ အစိုးရက ကြေညာထားပါတယ်။ အိန္ဒိယနိုင်ငံမှာ ပြည်တွင်း ရွှေ့ပြောင်းလုပ်သား သန်း ၁၂၀ ရှိမယ်လို့ ခန့်မှန်းထားပြီး အသွားအလာ ပိတ်ချမှုကြောင့် အကျပ်အတည်းတရပ် ဖြစ်လာခဲ့တာပါ။ လုပ်သား အများအပြားက မြို့တွေမှာ အိမ်ငှားခနဲ့ စားစရာပါ ဝယ်ဖို့ မတတ်နိုင်ကြပါဘူး။  မတ်လ ၂၉ ရက်ထိ အိန္ဒိယနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၉၇၉ ဦးနဲ့ သေဆုံးသူ ၂၅ ဦးရှိပြီလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up