ဧရာဝတီတိုင်းတွင် ပြည်တော်ပြန် ၆၀၀ ကျော်ကို သီးသန့်စောင့်ကြည့်
DVB
·
March 29, 2020
ဧရာဝတီတိုင်းအတွင်း မြို့နယ် ၂၆ မြို့နယ်မှာ ပြည်ပနိုင်ငံတွေက ပြန်လာတဲ့ ၆၆၃ ဦးကို သီးသန့်စောင့်ကြည့်တာတွေ ပြုလုပ်နေတယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမမှာ မတ်လ ၂၈ ရက်နေ့ မနက်ပိုင်းက COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နဲ့ လူမှုရေး ဝန်ကြီးဒေါက်တာလှမြတ်သွေးအပါအဝင် တိုင်းအဆင့်ဌာနဆိုင်ရာဝန်ထမ်းတွေ တက်ရောက်ခဲ့ပါတယ်။
အစည်းအဝေးမှာ တိုင်းကျန်းမာရေးဦးစီးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာသန်းထွန်းအောင်က COVID-19 ရောဂါထိန်းချုပ် ကုသရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီးအတွင်း ရောဂါစောင့်ကြည့် လူနာများအခြေအနေ၊ Hospital Quarantine ထားရှိမှု အခြေအနေ၊ နိုင်ငံသားနှင့်နိုင်ငံခြားမှ ပြန်လာသူ မြန်မာနိုင်ငံသားများအား စောင့်ကြပ်ကြည့်ရှုခြင်း၊ Facility Quarantine ဆောင်ရွက်ထားရှိမှု အခြေအနေတွေကို တင်ပြဆွေးနွေးခဲ့တာပါ။
COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးအပြီး မတ်လ ၂၈ ရက်နေ့ ည ၁၀ နာရီအချိန်မှာ ဧရာဝတီတိုင်းဒေသကြီးအစိုးအဖွဲ့ လူမှုကွန်ရက်ကတဆင့် တိုင်းအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်မှာ Facility Quarantine Centre ၁၅၀ ဖွင့်လှစ်ထားပြီး မတ် ၂၈ ရက်နေ့အထိ စောင့်ကြပ်ကြည့်ရှုသူပေါင်း ၆၆၃ ဦးရှိတယ်လို့ သတင်းထုတ်ပြန်ခဲ့တာပါ။
ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ COVID-19 ရောဂါ သံသယနဲ့ စောင့်ကြည့်ခဲ့ရတဲ့သူ ၁၄ ဦးရှိပြီး ၁၁ ဦးမှာ ဓာတ်ခွဲအဖြေအရ ပိုးတွေ့ခြင်းမရှိဘဲ ၃ ဦးရဲ့ ဓာတ်ခွဲအဖြေကို စောင့်နေဆဲဖြစ်တယ်လို့ တိုင်းကျန်းမာရေးဦးစီးမှူးရုံးက သိရပါတယ်။
မင်းထက်မုန်း (ပုသိမ်)