A d v e r t i s e m e n t With Us

ကိုရိုနာကပ်ဘေးကျော်လွှားနိုင်ရန် ပုပ်ရဟန်းမင်းကြီး ဆုတောင်းပွဲပြုလုပ်

Reuters
အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူစာရင်း ၁ သောင်းကျော်သွားပြီဖြစ်ပြီး မတ် ၂၈ ရက်နေ့မှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ထူးထူးခြားခြား ဆုတောင်းပွဲတခုကို ပြုလုပ်ခဲ့ပါတယ်။ တကမ္ဘာလုံးအနေနဲ့ ဒီကပ်ဘေး အကျပ်အတည်းကို စည်းလုံးညီညွတ်မှုနဲ့ အခြေခံတန်ဖိုးတွေကို သိနားလည်ဖို့သတိပေးချက်အနေနဲ့ မြင်ကြဖို့ တိုက်တွန်းလိုက်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။  ပုပ်ရဟန်းမင်းကြီးဟာ စိန့်ပီတာကျောင်းတော်လှေကားတွေပေါ်ကနေ ဆင်းလာပြီး ထူထဲတဲ့အမှောင်ထုဟာ ကျွန်ုပ်တို့ ရင်ပြင်တွေ၊ လမ်းတွေ၊ မြို့တော်တွေကို အုပ်ဆိုင်းနေပြီလို့ မိန့်ပါတယ်။  ဗာတီကန်မြို့တော်ကတော့ ပုပ်ရဟန်းမင်းကြီးရဲ့ ဒီဆုတောင်းပွဲကို ကပ်ဘေးကျချိန် ထူးထူး ခြားခြားဆုတောင်းပွဲလို့ ကင်ပွန်းတပ်ခဲ့ပါတယ်။  ပုပ်ဟာ မိုးရေထဲ တပါးတည်းကြွချီပြီးနောက် ဘုရားကျောင်းတော်ခန်းမထဲ ဝင်ရောက်ကာ ခါတိုင်းထိုင်နေကျနေရာမှာ ထိုင်တော်မူခဲ့ပြီး “အားလုံးဟာ အခုတော့ တလှေတည်းစီးရသူတွေဖြစ်နေတာ သိကြရပြီဖြစ်တယ်….၊ တဦးချင်းစီဟာလည်း အခြားတဦးကို နှစ်သိမ့်ပေးဖို့ လိုအပ်တယ်” လို့ တိုက်တွန်းဟောကြားခဲ့ပါတယ်။  ဒါ့အပြင် ကမ္ဘာ့ရိုမန်ကတ်သလစ်ဘာသာဝင် ၁ ဒဿမ ၃ ဘီလီယံ ရဲ့ ခေါင်းဆောင်ဖြစ်တဲ့  ဖရန့်စစ်က ဘုရားသခင်ဟာ လူတိုင်းကို ပြန်လည်နိုးထလာအောင် တိုက်တွန်းနေပြီး ညီညွတ်၊ စည်းလုံးမှု၊ မျှော်လင့်ချက်တို့ကသာ ခွန်အားအထောက်အပံ့ဖြစ်ကြောင်း တရားဟောခဲ့ပါတယ်။  ပုပ်ရဟန်းမင်းကြီးဟာ ရောမကျောင်းတော်မှာပဲ ပုံမှန်ထားရှိပြီး အထူးဆုတောင်းပွဲတွေရှိမှသာ ဗာတီကန်မြို့ တော်ကို ယူဆောင်လာလေ့ရှိတဲ့ ခရစ်တော်ပုံတော် သစ်သားရုပ်ထုရှေ့မှာပဲ ဆုတောင်းဝတ်ပြုခဲ့ပါတယ်။  အစဉ်အလာအရ အဆိုပါ ရုပ်တုကို ၁၅၂၂ ခုနှစ်မှာ ရောမမြို့လမ်းတွေပေါ် ၁၆ ရက်တိုင်လှည့်လည် ပြသခဲ့ပြီးနောက် အဲဒီတုန်းကဖြစ်နေတဲ့ ပလိပ်ကပ်ရောဂါလည်း လျော့ကျသွားခဲ့ဖူးတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။  ကမ္ဘာတဝန်းမှာ ဒီနေ့မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၆၆၃၇၄၀ ဦး၊ သေဆုံးသူ ၃၀၈၇၉ ဦးနဲ့ ရောဂါသာသာပျောက်ကင်းလာသူ ၁၄၂၁၈၃ ဦးရှိပြီလို့ worldometers.info ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up