Home
ဆောင်းပါး
Locked Down! ဘယ်လို စီမံကြသလဲ
DVB
·
March 29, 2020
မြန်မာပြည်မှာ ကိုဗစ်-၁၉ လူနာ ဆယ်ဂဏန်းနား ကပ်လာတဲ့အခါ ဆိုရှယ်မီဒီယာပေါ်မှာ လော့ဒ်ဒေါင်း ဆိုတာ ကျယ်လောင်လာပါတယ်။ တကယ်တော့ လော့ဒ်ဒေါင်း Locked Down ဆိုတာ ရောဂါကူးစက်မှုကို နှေးသွားအောင်၊ တန့်သွားအောင် လုပ်တဲ့ အရေးပေါ် စီမံချက် နည်းလမ်းတခု ဖြစ်ပါတယ်။ ကိုရိုနာ ရောဂါကပ်ဘေးနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံအတော်များများမှာ ဒီနည်းလမ်းကို ပုံစံအမျိုးမျိုးနဲ့ ကျင့်သုံးနေတာ တွေ့ရပါတယ်။ ယေဘုယျ ပြောရရင် လူတွေကို ကိုယ့်အိမ်မှာ ကိုယ်နေစေတာ၊ စီးပွားရေး လုပ်ငန်းတချို့ကို ပိတ်လိုက်တာ၊ ပွဲလမ်း အခမ်းအနားတွေ၊ လူစု လူဝေးတွေကို ပိတ်လိုက်တာတွေ ပါဝင်ပါတယ်။ ပထဝီ နယ်မြေနဲ့ ပြောရင် တချို့နိုင်ငံတွေမှာ တနိုင်ငံ အတိုင်းအတာ၊ တချို့ နိုင်ငံတွေမှာ ရောဂါ ကူးစက်မှု စိုးရိမ်ရတဲ့ မြို့တွေ နယ်တွေကို ပိတ်ချတာ ဖြစ်ပါတယ်။ ဘယ်နိုင်ငံတွေမှာ ဘယ်လို လော့ဒ်ဒေါင်းလဲ ဆိုတာကို ကြည့်ရအောင်။ ရုရှား - တပတ်ကြာ ခွင့်ရက်သတ်မှတ်ပေးထားပြီး၊ မော်စကိုမှာ ရှိတဲ့ စားသောက်ဆိုင်၊ အရက်ဆိုင်၊ ပန်းခြံတွေကို ပိတ်ထားပါတယ်။ နယ်စပ်ဂိတ်တွေကို ပိတ်ထားလိုက်ပြီး၊ နိုင်ငံတကာ လေကြောင်းလိုင်း အားလုံးကိုလည်း ပိတ်ထားလိုက်ပါပြီ၊ နိုင်ငံရပ်ခြားကနေ ပြည်တော် ပြန်လာတဲ့ ရုရှားနိုင်ငံသားတွေလောက်ပဲ အဝင်ခံတော့တယ်လို့ စီအန်အန်သတင်းက ဆိုပါတယ်။ တောင်အာဖရိက- ၂၁ ရက်ကြာ လော့ဒ်ဒေါင်းကို ကြေညာထားပါတယ်။ မရှိမဖြစ် ဆိုင်တွေကိုတော့ ဆက်ဖွင့်ထားပါတယ်။ ရဲတွေ၊ စစ်သားတွေက လမ်းတွေပေါ်ကို စောင့်ကြည့်နေကြတယ်လို့ အယ်ဂျာဇီးရား သတင်းက ဆိုပါတယ်။ ဒီလိုလုပ်တာဟာ လူတွေရဲ နေ့စဉ် အသက်မွေးမှု ဘဝတွေအပေါ်မှာ သက်ရောက်မှုရှိမယ်။ လူ့အဖွဲ့အစည်းတခုလုံးနဲ့ စီးပွားရေးအပေါ် သက်ရောက်မယ်။ ဒီလို မလုပ်ဘဲ နောက်ကျသွားလို့ လူတွေ အသက်ဆုံးရှုံးမှုတွေ ဖြစ်လာရင် ဒီထက် အများကြီး အများကြီး ဆုံးရှုံးနစ်နာသွားနိုင်တယ်လို့ သမ္မတ Cyril Ramaphosa ပြောတာကို သတင်းက ကိုးကားထားပါတယ်။ နယူးဇီလန်- နိုင်ငံတွင်းဝင်လာတဲ့ သူတိုင်း ၁၄ ရက်ကြာ ခြေချုပ်ကာလကို မလိုက်နာရင် ဥပဒေအရ အရေးယူခံရမှာ ဖြစ်ပါတယ်။ တနိုင်ငံလုံး လော့ဒ်ဒေါင်းကို ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။ တလကြာမယ့် လော့ဒ်ဒေါင်း ကာလ တလကြာမှာ ဖြစ်ပြီး ရောဂါကူးစက်မှု အခြေအနေကို ကြည့်ပြီး တဖြည်းဖြည်းချင်း ပြန်ဖွင့်ပေးမယ်လို့ ကြေညာထားပါတယ်။ နယူးဇီလန် ဝန်ကြီးချုပ်က Jacinda Ardern ပြည်သူတွေကို ကာကွယ်နိုင်ဖို့အတွက် အစိုးရက လုပ်နိုင်တာ အကုန်လုံးကို လုပ်သွားပါမယ်။ ပြည်သူတဦးချင်းကလည်း အားလုံးကို ကာကွယ်ဖို့အတွက် ကိုယ်လုပ်နိုင်တာ အားလုံးကို လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ ပြောတာကို ဂါဒီးယန်း သတင်းမှာ ဖော်ပြပါတယ်။ ဆော်ဒီအာရေးဗီးယား- နိုင်ငံရဲ့ မြို့တော် (Ridayh) နဲ့ ဘာသာရေးအရ အရေးပါတဲ့ မြို့ နှစ်မြို့ (Mecca။ Medina) လော့ဒ်ဒေါင်း ချထားပါတယ်။ မြို့ထဲက လူတွေ အပြင်မထွက်ရ၊ မြို့ပြင်က လူတွေ အထဲမဝင်ရ စည်းကမ်း ဖြစ်ပါတယ်။ နိုင်ငံတကာ လေကြောင်းလိုင်းတွေကို ပိတ်ထားပြီး၊ ဗလီတွေ၊ ကျောင်းတွေ ၊ စားသောက်ဆိုင်တွေကို ပိတ်ခိုင်းထားပါတယ်။ ညမထွက် ကာဖျူး အမိန့် ထုတ်ပြန်ထားပါတယ်။ ကိုလံဘီယာ- အင်္ဂါနေ့မှာ တနိုင်ငံလုံးအတိုင်းအတာ လော့ဒ်ဒေါင်း လုပ်ထားပါတယ်။ အသက် ၇၀ ကျော် ဘိုးဘွားတွေကို မေလအထိ အိမ်ထဲမှာပဲ နေဖို့ ညွန်ကြားထားပါတယ်။ ဒီလို တင်းကျပ်ထားတဲ့ ကာလဟာ ၁၉ ရက်ကြာမယ်လို့ ဘီဘီစီသတင်းက ဆိုပါတယ်။ အိန္ဒိယ - အင်္ဂါနေ့ကတည်းက ၂၁ ရက်ကြာ လော့ဒ်ဒေါင်း ချထားပါတယ်။ ကိုယ့်အိမ် ကိုယ်နေကြဖို့နဲ့ လူစုလူဝေးတွေကို ရှောင်ရှားကြဖို့ အမိန့်တွေ ထုတ်ထားတယ်လို့ စီအန်ဘီစီ သတင်းက ဆိုပါတယ်။ အိန္ဒိယ တနိုင်ငံလုံးနဲ့ ပြည်သူတဦးချင်းစီရဲ့ အသက်ကို ကယ်တင်ဖို့အတွက် အိမ်အောက်မဆင်းရ အမိန့်ကို ထုတ်ပြန်ထားရတာတဲ့အကြောင်း ဝန်ကြီးချုပ် Narendra Modiက ပြောတာကို သတင်းမှာ ဖော်ပြပါတယ်။ ယူကေ- တနင်္လာနေ့မှာ တနိုင်ငံလုံး လော့ဒ်ဒေါင်း အမိန့်ကို ထုတ်ပြန်ထားပါတယ်။ မဖြစ်မနေ အလုပ်၊ ကျန်းမာရေးလေ့ကျင့်ခန်း၊ စားစရာ ရိက္ခာနဲ့ ဆေးဝါး ဝယ်ယူတာက လွဲလို့ တခြား အသွားအလာတွေ အားလုံးကို ပိတ်ပင်လိုက်တဲ့အကြောင်း ဝန်ကြီးချုပ် Boris Johnson က ပြောပါတယ်။ ကျန်းမာရေး လေ့ကျင့်ခန်း ဆိုရာမှာလည်း လူတယောက်ကို တနေ့မှာ တမျိုးသာ ပြုလုပ်ခွင့် ပြုထားတာ ဖြစ်ပါတယ်။ အတူနေကြတဲ့ လူတွေကလွဲလို့ အပြင်က မိတ်ဆွေအပေါင်းအသင်း ဘယ်သူနဲ့မဆို လူ နှစ်ယောက်ထက် ပိုမစုရပါဘူး။ နာရေးကလွဲလို့ လူစုလူဝေး အားလုံးကို ပိတ်ထားပါတယ်။ သြစတြေးလျ- မရှိမဖြစ် စီးပွားရေးလုပ်ငန်းတွေက လွဲလို့ အားလုံး ပိတ်ထားပါတယ်။ ဝန်ကြီးချုပ်က ကျောင်းတွေကို မပိတ်ထားပေမယ့်၊ မိဘတွေက ဆန္ဒအလျှောက် ကျောင်းမပို့ခွင့်လည်း ရှိတယ်လို့ ဆိုပါတယ်။ လူတွေကို အိမ်ထဲမှာပဲ နေကြဖို့ ဆိုတဲ့ အမိန့်အထိတော့ ဒီအဆင့်မှာ မလိုသေးပါဘူးလို့ ပြောပါတယ်။ အင်္ဂါနေ့မှာ နောက်ထပ် ထုတ်ပြန်တဲ့ အမိန့်အရ စီးပွားရေးလုပ်ငန်းတွေအတွက် နောက်ထပ် စည်းကမ်းချက်တွေ၊ လူစုလူဝေးဆိုင်ရာ စည်းကမ်းချက်တွေ ပါဝင်ပါတ်။ မင်္ဂလာဆောင်ကို ၅ ယောက်ထက် မပိုရ၊ နာရေးကို ၁၀ ယောက်ထက် မပိုရ အမိန့်ထုတ်ပြန်တဲ့အကြောင်း ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။ ဒီလို လုပ်ရတာဟာ ကျန်နေသေးတဲ့ ကျောင်းဖွင့်ရာသီမှာ ကလေးတွေ ဘေးကင်းကင်းနဲ့ ကျောင်းဆက်တက်နိုင်ဖို့ ရည်ရွယ်တယ်လို့ ပြည်ထောင်စုအစိုးရက ဆိုပါတယ်။ ပြည်နယ်အသီးသီးကလည်း အဝေးသင်စနစ်တွေနဲ့ အတန်းသင်စနစ်တွေနဲ့ ဆိုင်တဲ့ ညွန်ကြားချက် အသစ်တွေကို ထုတ်ပြန်ထားပါတယ်။ ဌာနတိုင်းရင်းသားတွေ နေထိုင်တဲ့ ဒေသတွေမှာ ဒေသန္တရအမိန့်တွေနဲ့ လော့ဒ်ဒေါင်း အစီအစဉ်တွေ ထုတ်ပြန်ထားပြီး အပြင်လူတွေကို အဝင်မခံတော့ဘူးလို့ Bloomberg reports သတင်းမှာ ဖော်ပြပါတယ်။ တရုတ်- ဇန်နဝါရီလအကုန်က မြို့ပေါင်း ၁၆ မြိုံကို လော့ဒ်ဒေါင်း ချခဲ့ပါတယ်။ အဆိုးဆုံး အခြေအနေမှာ ခရိုင်နဲ့ ဒေသ စုစုပေါင်း ၂၀ အထိ ပါဝင်ခဲ့တယ်လို့ Wall Street သတင်းမှာ ဖော်ပြပါတယ်။ ရောဂါပိုး စတင်တွေ့ရှိရာ ဝူဟန်မြို့ကို ဇန်နဝါရီ ၂၃ မှာ ပိတ်ချခဲ့ပါတယ်။ တရုတ်ရဲ့ လော့ဒ်ဒေါင်း ကာလဟာ ၆ ပတ်ကြာပါတယ်။ ဝူဟန်မြို့ခံတွေဟာ ကိုယ့်အိမ်ထဲကိုယ်နေကြပြီး လမ်းမတွေပေါ်မှာ လူသူကင်းမဲ့နေခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ နောက်ထပ် ၁၅ မြို့ကို လော့ဒ်ဒေါင်း လုပ်ပါတယ်။ အစပိုင်းမှာတော့ ဝူဟန်မြို့ခံတွေဟာ ရိက္ခာပြတ်လပ်တာနဲ့ ကြုံပါတယ်။ စားသောက်ကုန်တွေ ရောင်းတဲ့ ဆိုင်တွေ ပစ္စည်းပြတ်ကုန်ပါတယ်။ အိမ်အရောက်ပို့ ဝန်ဆောင်မှုတွေလည်း လက်မလည်ပါဘူး။ ဒီလို လုပ်တဲ့အတွက် ရောဂါ ကူးစက်မှုကို ပိုဆိုးမသွားအောင် ထိန်းထားနိုင်ခဲ့တယ်လို့ WHO က ဆိုပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်တာဟာ ဝူဟန်မြို့အတွက်ကတော့ ရောဂါကူးစက်မှုကို ထိန်းနိုင်တာ မှန်ပေမယ့် တခြားမြို့တွေဆီ ကူးစက်ခဲ့တာကို တားဆီးဖို့ နောက်ကျခဲ့တယ်လို့ လေ့လာချက်တခုက ဆိုပါတယ်။ မတ်လ ၁၈ ရက်နေ့မှာတော့ တရုတ်နိုင်ငံမှာ နောက်ထပ် ကူးစက်မှုအသစ်တွေကို ထပ်မတွေ့ရတော့ဘူးလို့ အစိုးရက ကြေညာခဲ့ပါတယ်။ စီအန်အန် သတင်းအရ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ချမှတ်ထားတဲ့ လော့ဒ်ဒေါင်း အမိန့်ကို ဧပြီ ၈ ရက်နေ့မှာ ပြန်ရုပ်သိမ်းဖို့ ရှိပါတယ်။ ဂျော်ဒန်- အိမ်ထဲမှာ မနေဘဲ အပြင်ထွက်သူတွေကို ဖမ်းမိရင် တနှစ်ထောင်ချဖို့ အမိန့်ထုတ်ထားတယ်လို့ ဂါးဒီးယန်း သတင်းမှာ ဖော်ပြပါတယ်။ လူတွေကို အိမ်ထဲကနေ အိမ်အပြင်ကို မထွက်စေဘဲ အစိုးရအစီအစဉ်နဲ့ စားစရာနဲ့ ဆေးဝါးတွေကို ဖြန့်ဝေပေးနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ လေးရက်ကြာမှာ အလုံးစုံ ကန့်သတ်ချက်အမိန့်ကို ဖြေလျှော့ပေးခဲ့ပါတယ်။ လူတွေ အရေးကြီးတဲ့ ခရီးတွေကို သွားခွင့်ပြန်ပေးလိုက်ပါတယ်။ ဒီမတိုင်ခင်က အရေးပေါ် အမိန့် ချမှတ်ထားတဲ့အချိန်မှာ ရိက္ခာလိုရင် အရေးပေါ်ဖုန်းခေါ်ဆိုဖို့ ဖုန်းလိုင်းတွေ ပေးထားပေမယ့် ဖုန်းခေါ်မရဖြစ်ပြီး လူတွေ ရိက္ခာပြတ်သွားတဲ့အထိ ဖြစ်ခဲ့ပါတယ်။ အာဂျင်တီးနား-မတ်လ ၂၁ ရက်နေ့မှာ ကန့်သတ်မိန့် ချခဲ့ပြီး မလိုက်နာရင် အရေးယူမယ်လို့ ကြေညာပါတယ်။ လူတွေကို မဖြစ်မနေကလွဲလို့ လမ်းပေါ် မထွက်ရ အမိန့် ထုတ်ထားပြီး ရဲတွေက လမ်းပေါ်မှာ စောင့်ကြပ်နေပါတယ်။ မတ်လကုန်အထိ ကန့်သတ်မိန့်က အသက်ဝင်နေမှာ ဖြစ်ပါတယ်။ သမ္မတ Alberto Fernández က ဒီအမိန့်က မလိုက်နာရင် တင်းတင်းကျပ်ကျပ် အရေးယူပါမယ်။ အခြေအနေ အချိန်အခါအရ ဒီမိုကရေစီရဲ့ ဘောင်ထဲကနေ ဒီလို ကန့်သတ်တဲ့ အမိန့်ကို ထုတ်ပြန်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အစ္စရေး - မတ်လ ၁၉ ရက်နေ့ကတည်းက နိုင်ငံတွင်းက နိုင်ငံခြားသားတွေ အဝင်မခံတော့ပါဘူး။ နောက်ထပ် ထုတ်ပြန်တဲ့ အမိန့်တွေမှာ နိုင်ငံသားတွေလည်း ရိက္ခာနဲ့ ဆေးဝါး ဝယ်ယူဖို့ကလွဲလို့ တခြား ကိစ္စတွေအတွက် လမ်းပေါ်ထွက်ခွင့်မပေးတော့ပါဘူး။ အမိန့်ကို အာဏာတည်အောင် ရဲတပ်ဖွဲ့ကို အသုံးပြုပါတယ်။ ဒီအမိန့်အရ အစ္စရေး နိုင်ငံသားတွေအားလုံး အိမ်ထဲမှာ နေကြဖို့ လိုါတယ်။ ဒါဟာ မေတ္တာရပ်ခံတာလည်း မဟုတ်ဘူး။ အကြံပြုတာလည်း မဟုတ်ဘူး။ ဒါဟာ တာဝန်ဝတ္တရားအရ ပေးတဲ့အမိန့် ဖြစ်တယ်။ တာဝန်ရှိတဲ့ အာဏာပိုင်တွေက လိုအပ်သလို အရေးယူမှုတွေကို ဆောင်ရွက်သွားပါမယ်လို့ Benjamin Netanyahu က ပြောပါတယ်။ နောက်ထပ် ထုတ်ပြန်တဲ့ အမိန့်တွေမှာ အစ္စရေးတွေကို အိမ်ထဲကနေ အိမ်အပြင်ထွက်ဖို့ ဆိုရင် နောက်ထပ်ကန့်သတ်ချက်တွေကို ထုတ်ပြန်ပါတယ်။ သေရေး ရှင်ရေး မဟုတ်တဲ့ စီးပွားရေးလုပ်ငန်းတွေအားလုံးကို ပိတ်လိုက်ပါတယ်။ အားကစား လုပ်မယ်ဆိုရင်လည်း အိမ်နဲ့ မီတာ ၁၀၀ အကွာအထိပဲ သွားခွင့်ပြုပါတယ်။ ဘယ်လ်ဂျီယံ- မတ်လ ၁၇ ရက်နေ့မှာ ကန့်သတ်အမိန့်ကို ထုတ်ပြန်ပါတယ်။ လူတွေ အိမ်ထဲမှာ နေကြဖို့နဲ့ လူချင်း အနီးကပ် ထိတွေ့တာတွေကိုရှောင်ဖို့ စည်းကမ်းချက်တွေ ပါဝင်ပါတယ်။ လေးလကြာမယ့် ကန့်သတ်ချက် ဖြစ်ပါတယ်။ မဖြစ်မနေ ကိစ္စတွေအတွက်ပဲ ခွင့်ပြုပါတယ်။ စားစရာအတွက် စူပါမားကက်၊ ဆေးဆိုင်၊ ဘဏ်တွေ အရေးပေါ်ကိစ္စတွေပဲ ခွင့်ပြုပါတယ်။ စတိုးဆိုင်တွေ အတော်များများကိုလည်း ပိတ်ခိုင်းခဲ့ပါတယ်။ လေကြောင်းလိုင်းတွေကိုလည်း မတ်လ ၂၁ ရက်နေ့ကနေ ဧပြီ ၁၉ အထိ ပိတ်လိုက်တယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။ အီးယူ- ဥရောပအဖွဲ့ဝင် နိုင်ငံ အချင်းချင်းကြားမှာ မလိုအပ်ဘဲ သွားလာတာတွေကို တလ ပိတ်ထားမယ်လို့ မတ်လ ၁၆ ရက်နေ့က ကြေညာပါတယ်။ ခရီးသွားတာ နည်းလေလေ ဗိုင်းရပ်စ်ကို ပိုပြီးတော့ ထိန်းချုပ်နိုင်လေလေပဲလို့ ဥရောပ ကော်မရှင်နာမင်းကြီး Ursula Von der Leyen က ဆိုပါတယ်။ ဂျာမနီ- ၁၆ ပြည်နယ်မှာ ရှိတဲ့ ဆိုင်တွေ၊ ဘုရားကျောင်းတွေ၊ အားကစားရုံတွေ၊ အရက်ဘားတွေ၊ ကလပ်တွေကို ပိတ်ထားပါတယ်။ ဒီလို ကန့်သတ်ချက်မျိုးဟာ စစ်ကြီးပြီးတဲ့ နောက်ပိုင်း ပထမဆုံး ဖြစ်ပါတယ်။ ဒါပေမဲ့ လူတွေကို ရောဂါမကူးစက်ရအောင် မှန်ကန်တဲ့ နည်းလမ်းကိုအသုံးပြုရတာ ဖြစ်တယ်။ အသည်းအသန် ဖျားနာတဲ့ လူတွေကိုလျှော့ချနိုင်မှပဲ ကျန်းမာရေးစနစ်ကြီး ပြိုကျမသွားမှာလို့ ဝန်ကြီးချုပ် Angela Merkel က ဆိုပါတယ်။ မလေးရှား- မတ်လ ၁၆ ရက်နေ့ကတည်းက စီးပွားရေးလုပ်ငန်းတွေ အားလုံးကို ပိတ်ခိုင်းခဲ့ပါတယ်။ စျေးတွေ၊ အသုံးအဆောင်တွေ၊ အသံလွှင့်လုပ်ငန်း၊ ဘဏ်နဲ့ ဆေးရုံ ဆေးခန်းတွေပဲ ဖွင့်ခွင့်ပေးပါတယ်။ နိုင်ငံ အဝင်အထွက်တွေ အားလုံးကို ပိတ်ထားပါတယ်။ မရှိမဖြစ် စီးပွားရေးလုပ်ငန်းတွေကလွဲလို့ အားလုံး ပိတ်ထားပါတယ်။ ပွဲလမ်းတွေ၊ လူစုလူဝေးတွေကိုလည်း ဧပြီ ၁၇ အထိ ပိတ်ထားပါတယ်။ အခြေအနေတွေ ဆိုးရွားသွားတဲ့အထိတော့ မစောင့်နိုင်ဘူးလို့ ဝန်ကြီးချုပ် Muhyiddin Yassinက ပြောတာကို Bloomberg သတင်းမှာ ဖော်ပြပါတယ်။ ချက်သမ္မတနိုင်ငံ- စျေးဆိုင်တွေ၊ စားသောက်ဆိုင်တွေကို ပိတ်ထားပါတယ်။ နိုင်ငံခြား ခရီးသွားတာကို မတ်လ ၁၆ ကတည်းက ပိတ်ထားပါတယ်။ စားသောက်ကုန်စတိုးဆိုင်း၊ ဆေးဆိုင်၊ဘဏ်၊ ရဲစခန်း၊ ဂတ်စ်ဆိုင်၊ ပါဆယ်ရောင်းတဲ့စားသောက်ဆိုင်တွေပဲ ဖွင့်ခွင့်ပေးပါတယ်။ ကျောင်းတွေ ပိတ်ထားပြီး လူစုလူဝေးတွေကို တားမြစ်ထားပါတယ်။ လူတွေ အလုပ်ပြီးရင် ကိုယ့်အိမ် ကိုယ်ပြန်နေကြပါ။ ဒီနိုင်ငံမှာ လူလူချင်း အဆက်အသွယ်တွေကို အကန့်အသတ်လုပ်ရတဲ့ အစီအမံတွေကို ကျနော်တို့ ဆောင်ရွက်နေရပါတယ် လို့ ဝန်ကြီးချုပ် Andrej Babis က ဆိုပါတယ်။ ပြင်သစ်- မရှိမဖြစ် စီးပွားရေးလုပ်ငန်းတွေလောက်ပဲ ခွင့်ပြုပါတယ်။ မတ်လ ၁၆ ရက်နေ့ကတည်းက အလုံးစုံ ကန့်သတ်မှု အစီအမံ စတင်ခဲ့ပါတယ်။ လူစုလူဝေးတွေကိုကန့်သတ်ပြီး လမ်းပေါ် မထွက်ရ အမိန့် ထုတ်ခဲ့ပါတယ်။ ဝန်ကြီးချုပ်က ၁၅ ရက်ကြာ ကန့်သတ်မှုမှာ လူစုလူဝေးနဲ့ လမ်းပေါ် ထွက်တာကို ခွင့်မပြုတော့ဘူးလို့ ဆိုပါတယ်။ မလိုအပ်ဘဲနဲ့ အများပြည်သူသုံး ပို့ဆောင်ရေးစနစ်ကို အသုံးမပြုကြဖို့၊ စားသောက်ကုန်တွေကိုလည်း လိုအပ်သလောက်ပဲ ဝယ်ယူကြဖို့ ဆော်သြထားပါတယ်။ တားမြစ်ချက်ကို မလိုက်နာရင် အပြစ်ပေး အရေးယူမယ်လို့လည်း အသိပေးထားပါတယ်။ အီတလီ- တနိုင်ငံလုံး အတိုင်းအတာ တားမြစ်မိန့်ကို မတ်လ ၁၀ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ကျောင်းတွေ၊ တက္ကသိုလ်တွေ၊ လူစုလူဝေး၊ ပွဲလမ်းသဘင်၊ ယဉ်ကျေးမှုစင်တာ၊ ရေကူးကန်၊ အလှပြင်ခန်း စသဖြင့် အားလုံး ပိတ်ခိုင်းထားပါတယ်။ အများသုံး ပို့ဆောင်ဆက်သွယ်ရေးစနစ်၊ လေဆိပ်တွေကို အကန့်အသတ်နဲ့ ဖွင့်ထားပါတယ်။ မဖြစ်မနေ ခရီးလောက်ကိုပဲ ခွင့်ပြုထားပါတယ်။ မဖြစ်မနေ အလုပ်၊ မိသားစုကိစ္စတွေနဲ့ ခရီးသွားမယ်ဆိုရင် ရဲစခန်းထောက်ခံစာ လိုအပ်ပါတယ်။ စားသောက်ကုန် စတိုးတွေနဲ့ ဆေးဆိုင်ကလွဲလို့ အားလုံး ပိတ်ထားပါတယ်။ ထောင်ဝင်စာတွေ ခွင့်ပိတ်ထားပြီး၊ ဆေးဝန်ထမ်းတွေအားလုံးကို ခွင့်မယူကြဖို့ အမိန့်ထုတ်ထားပါတယ်။ ဒိန်းမတ်- လူ ၁၀ ယောက်ထက် ပိုမစုရ အမိန့်ထုတ်ထားပြီး ကျောင်းတွေ၊ စားသောက်ဆိုင်တွေ၊ စာကြည့်တိုက်တွေနဲ့ တခြား စီးပွားရေးလုပ်ငန်းတွေကို နှစ်ပတ်ကြာ ပိတ်ခိုင်းထားပါတယ်။ နော်ဝေ- မတ်လ ၁၂ ကစလို့ ဧပြီ ၁၂ အက်စတာ ကာလအထိ ကန့်သတ်မိန့်ကိုထုတ်ပြန်ထားပါတယ်။ ကျောင်းတွေ ပိတ်ထားပါတယ်။ တိုင်းပြည်မှာ မရှိမဖြစ်တဲ့ အလုပ်တွေကို လုပ်ကိုင်နေကြတဲ့ ဝန်ထမ်းတွေ (ကျန်းမာရေး ဝန်ထမ်း၊ ပို့ဆောင်ရေးဝန်ထမ်း) ရဲ ့သားသမီးတွေရဲ့ ကလေးတွေအတွက်ပဲ ဖွင့်ပေးထားပါတယ်။ ဘူဖေးဆိုင်တွေ ပိတ်ထားပြီး စားသောက်ဆိုင်တွေမှာလည်း တစ်မိတာအကွာ ထိုင်ခုံတွေ စီစဉ်ခိုင်းထားပါတယ်။ နော်ဝေနိုင်ငံထဲ ဝင်လာသမျှ ဘယ်သူမဆို မဖြစ်မနေ ခြေချုပ်ကာလကို ဖြတ်သန်းရပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေကို နိုင်ငံခြား ထွက်ခွာခွင့်မပြုတော့ပါဘူး။ မော်ရိုကို- နိုင်ငံတကာ လေကြောင်းလိုင်းတွေကိုမတ်လ ၁၅ ရက်နေ့ကတည်းက အဝင်မခံတော့ပါဘူး။ နယ်စပ်ဝင်ပေါက်တွေကိုလည်း ပိတ်ပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ မဟုတ်မမှန်သတင်းတွေ ဖြန့်ဝေခဲ့တဲ့ လူတဒါဇင်လောက်ကိုလည်း အစိုးရက ဖမ်းခဲ့ပါတယ်။ ဗလီတွေ၊ ကျောင်းတွေ၊ စားသောက်ဆိုင်တွေကို ပိတ်ထားပါတယ်။ ကင်ညာ- မတ်လ ၁၅ ရက်နေ့မှာ ကျောင်းတွေကို ပိတ်ခဲ့ပါတယ်။ နိုင်ငံသား မဟုတ်သူတွေကို နိုင်ငံဝင်ခွင့်ပိတ်ခဲ့ပါတယ်။ အရက်ဆိုင်တွေ စားသောက်ဆိုင်တွေကိုပိတ်ခဲ့ပါတယ်။ ဒီကပ်ဘေးကို ရင်ဆိုင်တဲ့နေရာမှာ အစိုးရအဖွဲ့ဟာ ရှေ့တန်းကနေ စီမံဆောင်ရွက်သွားမယ်လို့ သမ္မတ Uhuru Kenyatta က ပြည်သူလူထုကို အာမခံတာကို အယ်ဂျာဇီးရားသတင်းမှာ ဖော်ပြပါတယ်။ ပြည်သူလူထုအနေနဲ့ လူစုလူဝေးတွေကို ရှောင်ဖို့ကိုလည်း အစိုးရက တိုက်တွန်းထားပါတယ်။ စပိန်- မတ်လ ၁၄ ရက်နေ့မှာ အလုံးစုံ ကန့်သတ်မိန့် စတင်ခဲ့ပြီး ဧပြီ ၁၂ ရက်နေ့အထိ ဆက်ရှိနေမှာ ဖြစ်ပါတယ်။ ၁၅ ရက်တာ ကာလအတွင်း တနိုင်ငံလုံးက ပြည်သူတွေ ကိုယ့်အိမ်မှာ ကိုယ်နေကြဖို့ အစိုးရက အမိန့်ထုတ်ပါတယ်။ အလုပ်အတွက်၊ ဘဏ်ဆိုင်ရာ ကိစ္စတွေအတွက်၊ ဆေးကုသမှုအတွက်နဲ့ တခြား မရှိမဖြစ် ပစ္စည်းတွေ ဝယ်ယူဖို့ကိုတော့ ခွင့်ပြုပါတယ်။ တနိုင်ငံလုံးရှိ အရက်ဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေ အားလုံးကို ပိတ်ခိုင်းထားပါတယ်။ ပိုလန်- မတ်လ ၁၃ ရက်နေ့ကတည်းက နိုင်ငံခြားသားတွေကို ပြည်ဝင်ခွင့်ပိတ်ခဲ့ပါတယ်။ စားသောက်ဆိုင်တွေ၊ အရက်ဆိုင်တွေ၊ လောင်းကစားဝိုင်းတွေကို ပိတ်ခဲ့ပါတယ်။ နိုင်ငံတော်အနေနဲ့ ကိုယ်နိုင်ငံက ပြည်သူတွေကိုတော့ မစွန့်ပစ်ပါဘူး။ ဒါပေမဲ့ ဒီလို အခြေအနေမျိုးမှာ နိုင်ငံခြားသားတွေကိုတော့ အဝင်မခံနိုင်တော့ဘူးလို့ ဝန်ကြီးချုပ် Mateusz Morawiecki က ပြောတာကို ဒေးလီးမေးလ်သတင်းမှာ ဖော်ပြပါတယ်။ နိုင်ငံခြားကနေ ပြန်လာသူတွေကိုလည်း ၁၄ ရက်ကြာ ခြေချုပ်ထားပါတယ်။ ကူဝိတ်- တနိုင်ငံလုံး အတိုင်းအတာ ကန့်သတ်မိန့်ကို မတ်လ ၁၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံတကာ လေကြောင်းလိုင်းတွေ အားလုံးကို အဝင်မခံတော့ပါဘူး။ နိုင်ငံသားတွေလည်း စားသောက်ဆိုင်တွေသွားတာ၊ အားကစားရုံ သွားတာတွေကို ပိတ်ပင်ခဲ့ပါတယ်။ ညနေ ၅ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရ အမိန့်ကိုလည်း ထုတ်ပြန်ထားတယ်လို့ Bloomberg. သတင်းက ရေးပါတယ်။ အိုင်ယာလန်- မတ်လ ၂၄ ရက်နေ့ကတည်း ဆိုင်တွေကို ပိတ်ခိုင်းထားပြီး စားသောက်ဆိုင်တွေ၊ ကဖေးတွေကိုလည်း ပါဆယ်တမျိုးပဲ ရောင်းဖို့ ခွင့်ပြုထားပါတယ်။ အားကစားပွဲတွေ အားလုံးကို ပိတ်ထားပါတယ်။ လူတွေကို အပြင်ထွက်ခွင့်ပြုထားပေမယ့် လေးယောက်ထက် ပိုမစုရတော့ပါဘူး။ ကျောင်းတွေ၊ ကောလိပ်တွေ၊ ကလေးထိန်းဌာနတွေ၊ ယဉ်ကျေးမှုစင်တာတွေကိုလည်း မတ်လ ၁၂ ရက်နေ့ကတညး်က ပိတ်ထားပါတယ်။ အရက်ဆိုင်တွေကို ပိတ်ထားပြီး လူတွေကို အိမ်ထဲမှာ နေကြဖို့နဲ့ မနေရင် တခြား ကန့်သတ်မှုတွေ ပိုတင်းကျပ်မယ်လို့ သတိပေးထားပါတယ်။  နေသွင်ညိဏ်း Ref: www.businessinsider.com
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024