COVID-19 အတည်ပြုလူနာ ၇ ဦး ကျန်းမာရေးသက်သာကောင်းမွန်ဟု ကျန်းမာရေးထုတ်ပြန်
DVB
·
March 29, 2020
ဆေးရုံတွေမှာ ကုသမှုခံယူနေတဲ့ COVID-19 ရောဂါ အတည်ပြုလူနာ ၈ ဦးအနက် ၇ ဦးဟာ ကျန်းမာရေး သက်သာကောင်းမွန်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ချင်းပြည်နယ်၊ တီးတိန်ပြည်သူ့ ဆေးရုံမှာ လူနာ ၁ ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးမှာ လူနာ ၄ ဦးနဲ့ မန္တလေးမြို့၊ ကန်တော်နဒီဆေးရုံမှာ လူနာ (၁) ဦး၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီးမှာ လူနာ ၁ ဦးတို့ ကျန်းမာရေးအခြေအနေမှာ သက်သာကောင်းမွန်နေတယ်လို့ ဆိုပါတယ်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဓာတ်ခွဲအတည်ပြုလူနာကိုတော့ မနေ့က ဝေဘာဂီအထူးကု ဆေးရုံကြီးကို လွှဲပြောင်းပြီး အထူးကြပ်မတ်ခန်းမှာ သီးခြားထားရှိပြီး ဆေးကုသမှုပေးနေပါတယ်။
ဒါ့အပြင် မတ် ၂၈ ရက်ည ၈ နာရီ ဓာတ်ခွဲစစ်ဆေးမှုအဖြေတွေအရ စောင့်ကြည့်လူနာနဲ့ ဆေးရုံမှာ အသွားအလာကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုနေတဲ့ လူနာ ၄၄ ဦးမှာ COVID-19 ရောဂါပိုး မတွေ့ရှိဘူးလို့ ကျန်းမာရေးဝန်ကြီးဌာက ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ မတ် ၂၇ ရက်ကနေ ၂၈ ရက် ည ၆ နာရီအထိ စောင့်ကြည့်လူနာ ၅၅ ဦး ရှိတယ်လို့ ဆိုပါတယ်။
COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ တွေ့ရှိလာတာကြောင့် အဆိုပါလူနာတွေနဲ့ အနီးကပ် ထိတွေ့ဆက်စပ်မှုရှိသူတွေကို ရှာဖွေဖော်ထုတ်ပြီး အသွားအလာ တားမြစ်ပိတ်ပင်ကာ စောင့်ကြပ်ကြည့်ရှုနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြည်သူလူထုအနေနဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးပညာပေး အချက်အလက်တွေကို တိကျစွာလိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။