Live
Home
မြန်မာသတင်း
ဗိုလ်အောင်ကျော်လမ်းရှိ City Hotel တွင် နိုင်ငံခြားသား ၁၀၀ ကျော်ကို စောင့်ကြည့် 
နေလင်းအောင်
·
March 28, 2020
ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်းရှိ City Hotel မှာ အသွားအလာ ကန့်သတ် စောင့်ကြည့်ထားတဲ့ နိုင်ငံခြားသား အယောက် ၁၀၀ ကျော်မှာ COVID-19 ဗိုင်းရပ်ရောဂါ ကူးစက်မှု မရှိသေးဘူးလို့  ဒေသခံအာဏာပိုင်တွေက ပြောပါတယ်။  ပြည်ပနိုင်ငံတွေကနေ မြန်မာနိုင်ငံထဲကို ရောက်ရှိလာတဲ့ နိုင်ငံခြားသား အယောက် ၁၀၀ ကျော်ကို City Hotel မှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ စဉ်ဆက်မပြတ်ပြုလုပ်နေပြီး COVID- 19 ရောဂါပိုးကူးစက်မှုလက္ခဏာ လတ်တလော တွေ့ရှိမှုမရှိသေးဘူးလို့ ဗိုလ်တထောင်မြို့နယ် အမှတ် ၈ ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ဒါ့အပြင် အဲဒီနိုင်ငံခြားသားတွေကို ဧပြီလ ၉ ရက်အထိ စောင့်ကြည့်ထိန်းချုပ်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားတယ် လို့ ဆိုပါတယ်။  အဲဒီဟိုတယ်မှာ စောင့်ကြည့်ဝန်ထမ်းတွေကို အဝင်အထွက် မလုပ်နိုင်အောင် လုံခြုံရေးနဲ့ စနစ်တကျ စီမံဆောင်ရွက်ထားသလို ဟိုတယ်အထပ်တိုင်းမှာလည်း စီစီတီဗွီကင်မရာတွေနဲ့ စောင့်ကြည့်နေတယ်လို့ ဗိုလ်တထောင်မြို့နယ် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ တာဝန်ရှိ သူက ပြောပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်သူလူထုတွေမစိုးရိမ်ကြဖို့အတွက် ဟိုတယ်နဲ့ အနီးစပ်ဆုံးရှိတဲ့ နေရာတွေကို COVID-19 ရောဂါ ထိန်းချုပ်မှုတွေပြုလုပ်နိုင်ဖို့ ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့အစည်းတွေနဲ့ လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ပိုးသတ်ဆေးဖျန်းတာတွေ အပါအဝင် လိုအပ်တာတွေကို လိုက်လံပြုလုပ်နေတယ်လို့ ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့အစည်းတွေက ပြောပါတယ်။  မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာအသစ် နိုင်ငံခြားသူ ၁ ဦး အပါအဝင် ၃ ဦး မနေ့က ထပ်မံတွေ့ရှိထားပြီး စုစုပေါင်းအတည်ပြု လူနာ ၈ ဦးအထိမြင့်တက်လာပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024