ပြည်ပက ပြန်လာသူများ အကြောင်းမကြားပါက အရေးယူမည်ဟု ရပ်ကွက်အချို့တွင် လိုက်လံသတိပေး
DVB
·
March 28, 2020
ပြည်ပကနေ ပြည်ရောက်လာသူတွေ နေအိမ်မှာ ၁၄ ရက်ကြာ အသွားအလာကန့်သတ်မှု ခံယူရမှာဖြစ်တာကြောင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးတွေဆီကို အသိပေးအကြောင်းကြားဖို့ ရန်ကုန်က မြို့နယ်တချို့မှာ မတ် ၂၇ ရက် ညပိုင်းက လိုက်လံသတိပေးနေပါတယ်။
သတိပေးချက်တွေကို မလိုက်နာရင် သက်ဆိုင်ရာ တည်ဆဲဥပဒေတွေအရ အရေးယူခံရမယ်လို့ ပြည်သူလူထုထံ ကြေညာချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။
ဒါ့အပြင် ပြည်ပကနေ ပြန်လာတဲ့သူတွေရဲ့ မိသားစုဝင်တွေအနေနဲ့လည်း ကျန်းမာရေး အခြေအနေတွေကို အစဉ်မပြတ်စစ်ဆေးပြီး ဒေသန္တရ ကျန်းမာရေးဦးစီးဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်းထားပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကူးစက်ရောဂါ ဥပဒေပုဒ်မ ၂၁ (ခ) အရ သတိပေးချက်တွေကို မလိုက်နာရင် ထောင်ဒဏ်၊ ငွေဒဏ်နဲ့ ဒဏ်ငွေနှစ်ရပ်စလုံးနဲ့ အရေးယူမယ်လို့ တရားဝင်ထုတ်ပြန်ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ၈ ဦးရှိပြီး ရန်ကုန်တိုင်းအတွင်းက သက်ဆိုင်ရာဆေးရုံတွေမှာ ၅ ဦး ကုသမှု ခံယူနေပါတယ်။ မန္တလေး၊ နေပြည်တော်နဲ့ ချင်းပြည်နယ်တို့က ၁ ဦးစီ ဖြစ်ပါတယ်။